သက္ကမတိုင်းရင်းသားတွေအတွက် ဆုတောင်းပွဲကျင်းပ
2017.06.10

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရင်ဂါတီခရိုင် လောင်းကဒူးဒေသမှာ သတ်ဖြတ်ခံခဲ့ရတဲ့ သက် (ခေါ်) သက္ကမ တိုင်းရင်း သားတွေအတွက် ဘူးသီးတောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ သက္ကမတိုင်းရင်းသား ၁၅ဝ လောက်က ဒီကနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
ဘူးသီးတောင်မှာရှိတဲ့ သက္ကမလူမျိုးတွေစုပြီး သေဆုံးသွားသူတွေအတွက် နောက်နောင် ဒီလိုအဖြစ်မျိုး မကြုံပါစေဖို့ ဆုတောင်းတာဖြစ်တယ်လို့ ဆုတောင်းပွဲတက်ရောက်ခဲ့တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။
"ကျနော်တို့ ဘူးသီးတောင်ဒေသမှာနေတဲ့ သက္ကမတွေကပေါ့နော်၊ ဘင်္ဂလားဒေ့ရှ်မှာ သေဆုံးသွားတဲ့ သက္ကမလူမျိူးတွေအတွက်ပေါ့၊ ဝမ်းနည်းကြောင်း ဆုတောင်းပွဲလုပ်တယ်၊ အမျှအတန်းတွေဝေတယ်၊ ဆွမ်းတွေ ဘာတွေကျွေးတယ်ပေါ့၊ နောက်နောင် ဒီလိုအဖြစ်မျိုး မကြုံပါစေနဲ့လို့ ဆုတောင်းကြတယ်ပေါ့"
အဲဒီဆုတောင်းပွဲကို လောင်းချောင်းကျေးရွာအနီးတဝိုက်နဲ့ ဘူးသီးတောင်မြို့က သက္ကမလူမျိုးတွေ တက်ရောက်ခဲ့ကြ ပါတယ်။
စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းကဒူးဒေသကို ရွှေ့ပြောင်းအခြေချ နေထိုင်လာကြ သူတွေက ဌာနေသက္ကမလူမျိုးတွေ နေထိုင်တဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က မီးရှို့ဖျက်ဆီး တာတွေ၊ ဈေးဆိုင်တွေကို လုယက်ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ ရွာသူ၊ ရွာသားတွေကို တိုက်ခိုက်သတ်ဖြတ် တာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူနည်းစုဌာနေတိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ရှင်သန် နေထိုင်နိုင်ရေးအတွက် တာဝန်ယူစောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂနဲ့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရ်ှ ကောင်စစ်ဝန်ရုံးတို့ထံ ရခိုင်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က တောင်းဆိုထားပါတယ်။
သက် ခေါ် သက္ကမလူမျိုးတွေဟာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေဖြစ်ပြီး ရခိုင်ပြည်နယ်အပြင် ဘင်္ဂလားဒေ့ ရ်ှနိုင်ငံ စစ်တကောင်းတောင်တန်းဒေသနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရှေးရာစုနှစ်ပေါင်း များစွာကတည်းက ပျံ့နှံ့နေထိုင်ကြတာဖြစ်ပါတယ်။