သက္ကမ တိုင်းရင်းသားတွေ သတ်ဖြတ်ခံရမှု လူမှုအဖွဲ့ ၁၆ ဖွဲ့ ကြေညာချက်ထုတ်


2017.06.07
thetkama-tribe-620.jpg ပုဏ္ဏားကျွန်းမြို့နယ်က ဒိုင်းနက်(ခေါ်)သက္ကမ အမျိုးသမီးငယ်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရင်ဂါတီခရိုင် လောင်းကဒူးဒေသမှာ ဌာနေ သက် ခေါ် သက္ကမတိုင်းရင်းသားတွေ သတ်ဖြတ်ခံရ တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ လူနည်းစုဌာနေ တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ ရခိုင်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ ဌာနေတိုင်းရင်းသားတွေ ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးစေလိုတယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်) ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံ က ပြောပါတယ်။

စစ်တကောင်းတောင်တန်းဒေသ ရင်ဂါမတီခရိုင် လောင်းကဒူးဒေသကို ရွှေ့ပြောင်းအခြေချ နေထိုင်လာကြတဲ့ ဘင်္ဂါလီလူမျိုးတွေက ဌာနေ သက္ကမလူမျိုးတွေ နေထိုင်တဲ့ကျေးရွာတွေကို ဇွန်လ ၂ ရက်နေ့ က မီးရှို့ဖျက်ဆီးတာတွေ ၊ ဈေးဆိုင်တွေကို လုယက်ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ ကျေးရွာသူကျေးရွာသားတွေကို တိုက်ခိုက်သတ်ဖြတ်တာတွေ ပြုလုပ်နေကြောင်း ကြားသိရတဲ့အတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေက များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ပါရှိ ပါတယ်။

ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ လူနည်းစုဌာနေတိုင်းရင်းသားတွေရဲ့ ဘဝလုံခြုံရေးနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ရှင်သန်နေထိုင်နိုင်ရေးအတွက် တာဝန်ယူစောင့်ရှောက်ပေးဖို့ကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံးအနေနဲ့လည်း စစ်တကောင်းတောင် တန်းဒေသက ဒုက္ခတွေကြုံတွေ့ခံစားနေကြရတဲ့ သက္ကမလူမျိုးစုအပါအဝင် အခြားဌာနေတိုင်းရင်းသားတွေရဲ့အရေး ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့ရဲ့ ထုတ်ပြန်တောင်းဆိုချက်ကို ကုလသမဂ္ဂနဲ့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရ်ှကောင် စစ်ဝန်ရုံးကို ပေးပို့သွားမယ်လို့လည်း ဦးခိုင်ကောင်းစံ က ပြောပါတယ်။

သက် ခေါ် သက္ကမလူမျိုးတွေဟာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တွေဖြစ်ပြီး ရခိုင်ပြည်နယ်အပြင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်းတောင်တန်းဒေသနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ပျံ့နှံ့နေထိုင်ကြတာဖြစ် ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း မြန်မာအစိုးရအနေနဲ့ တဖက်နိုင်ငံအတွင်းမှာရှိနေတဲ့ မိမိတို့မျိုးနွယ်တူ လူနည်းစုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူ့အခွင့်အရေးတွေအတွက် အစိုးရချင်း ဆက်သွယ်ညှိနှိုင်းပြီး စောင့်ရှောက်ပေးဖို့ မနေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် ကို RFA ကဆက်သွယ်မေးမြန်းခဲ့ရာမှာ တုန့်ပြန်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။