ကျောင်းသားသမဂ္ဂမှာပါဝင်လို့ တပ်မိသားစု ဝင် ကျောင်းသားတစ်ဦး မိဘနဲ့နေခွင့်မရ


2018.03.11
thetmaungmaung-622.jpg ပခုက္ကူ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်ကို တွေ့ရစဉ်
Photo: Thet Maung Maung - facebook

တပ်မတော် မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒုတိယနှစ် ကျောင်းသား ကိုသက်မောင်မောင်ဟာ ကျောင်းသားသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးတာဝန် ဆက်လက်ထမ်းဆောင်နေတဲ့အတွက် မိဘတွေရှိတဲ့ တပ်ရင်းအတွင်းကနေ ထွက်ခွာနေရတာ တစ်လနီးပါးရှိနေပြီလို့ ဒီနေ့ ပြောပါတယ်။

ကျောင်းသားသမဂ္ဂတာဝန်ကနေ မနုတ်ထွက်တဲ့အတွက် တပ်ရင်းအတွင်း နေထိုင်ခွင့်မပြုကြောင်း အမှတ် ၂၅၆ ခြေလျင်တပ်ရင်းက စာထုတ်ထားတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ ကိုသက်မောင်မောင်က အခုလိုပြောပါတယ်။

"ကျောင်းသားသမဂ္ဂက မတရားအသင်းအဖွဲ့လည်းမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းလည်း မဟုတ်တဲ့အတွက် ကျနော်တို့ကို မတရားဖိနှိပ်ချုပ်ခြယ်တာလို့ပဲမြင်တယ်၊ ပြီးတော့ ဒီလက်ရှိ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတဲ့ NLD အစိုးရတာဝန် ထမ်းဆောင်နေတဲ့အချိန်မှာ ကျနော်တို့ ဒီအောက်ခြေဝန်ထမ်း သားသမီးတွေ အဓိကအားဖြင့် တပ်မတော်မှာရှိတဲ့ မိသားစုဝင်တွေ အောက်ခြေ ဝန်ထမ်းသားသမီးတွေမှာ ဒီလို အဖိနှိပ်ခံထားရတာတွေ ရှိနေတယ်၊ အခုကတော့ ဒီပခုက္ကူ ကျောင်းသားများသမဂ္ဂအနေနဲ့ သဘောထားထုတ်ပြန်ချက်ထုတ်မယ်၊ ပြီးရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာပို့မယ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး စာပို့မယ်၊ လူအခွင့်အရေးကောင်စီကို စာပို့မယ်၊ သမဂ္ဂအနေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပါမယ်"

ကိုသက်မောင်မောင်က ပခုက္ကူတက္ကသိုလ်မှာ ဒုတိယနှစ် ရူပဗေဒဘာသာ တက်ရောက်နေတာဖြစ်ပြီး ပခုက္ကူ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။

သူ့ရဲ့ ဖခင်ဖြစ်သူဟာ ရေစကြိုမြို့က ခလရ  ၂၅၆ မှာ တပ်ကြပ် တာဝန်ထမ်းဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ကိုသက်မောင်မောင်နဲ့ သူ့ရဲ့မိခင်တို့ကို ခလရ (၂၅၆) ခြေလျင် တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်သူက ခေါ်ယူပြီး ကိုသက်မောင်မောင် ကို ပခုက္ကူကျောင်းသားသမဂ္ဂကနေ နုတ်ထွက်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကိုသက်မောင်မောင်က ကျောင်းသားသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်းနဲ့ မချေမငံ ပြန်လည်ပြောဆိုခဲ့တဲ့အတွက် ခလရ ၂၅၆ မှာ ဝင်ရောက်နေထိုင်ခြင်းမပြုဖို့အပြင် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ် လက်အောက်မှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေထဲကို ဝင်ထွက်မှု မရှိအောင် အလေးထားဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်လက်အောက်မှာ အမှတ် ၂၅၆ ခြေလျင်တပ်ရင်းအပါအဝင် တပ်ရင်း ၁၀ ခု ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီညွှန်ကြားစာမှာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ကျောင်းသားသမဂ္ဂတွေမှာ ပါဝင် ပတ်သက်တာမျိုးမလုပ်စေဖို့နဲ့ ပါဝင်ပတ်သက်မှုရှိရင် မိဘအုပ်ထိန်းသူတွေကိုပါ အိမ်ထောင်သည်လိုင်းစည်းကမ်း၊ စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။