တက္ကသိုလ်ကျောင်းသား ကိုသက်မောင်မောင် သတင်းစာရှင်းလင်း
2018.03.15

ပခုက္ကူတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အတွက် မိဘတွေနေ ထိုင်နေတဲ့ တပ်ရင်းအတွင်း ဝင်ရောက်ခွင့်မပေးသလို ကျောင်းသားသမဂ္ဂကနေ မနုတ်ထွက်ဘူးဆိုရင် ဖခင်ဖြစ်သူကို တပ်စည်းကမ်းအရ အပြစ်ပေးထောင်ချမယ်လို့ ဖိအားပေးခံရတာတွေရှိကြောင်း တက္ကသိုလ် ကျောင်းသား ကိုသက်မောင်မောင် က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပခုက္ကူတက္ကသိုလ်က ဒုတိယနှစ် ရူပဗေဒကျောင်းသား ကိုသက်မောင်မောင်က သူရင်ဆိုင်နေရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"ကျနော့် အဖေကို ဒီနေ့ ဖုန်းဆက်လာတယ်၊ ဖုန်းဆက်လာတဲ့အချိန်မှာ ကျနော့်ကို ဒီကျောင်းသားသမဂ္ဂထဲက နုတ်ထွက်ဖို့ပြောလာတယ်၊ ပြီးလို့ရှိရင် နုတ်ထွက်မယ်ဆိုရင် အထက်သူ့ရဲ့လူကြီးတွေကနေပြီးတော့ ကျေအေးပေးမယ်ဆိုတာတွေ သူတောင်းပန်ပြီးတော့ နုတ်ထွက်မယ်ဆိုရင် ကျေအေးပေးမယ်လို့ ပြောလာတယ်၊ တကယ်လို့ မနုတ်ထွက်ဘူးဆိုရင် ကျနော့်အနေနဲ့ ဆက်လုပ်နေမယ်ဆိုရင် ကျနော့်အဖေကို အရေးယူပြီး ထောင်ချတာတွေ ဘာတွေ လုပ်နိုင်တယ်ပြောပါတယ်၊ စစ်စည်းကမ်း ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ သူတို့အနေနဲ့ အရေးယူလို့ရတယ်ပေါ့၊ ကျနော်တို့ကတော့ ဒါကို ထဲထဲဝင်ဝင်တော့ မသိဘူး၊ ဒါပေမဲ့ သူတို့တွေကတော့ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အရေးယူလို့ရတယ်"
တပ်မတော် မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒုတိယနှစ် ကျောင်းသား ကိုသက်မောင်မောင်ဟာ ကျောင်းသားသမဂ္ဂမှာ အထွေထွေအတွင်းရေးမှူးတာဝန် ဆက်လက်ထမ်းဆောင်နေတဲ့အတွက် မိဘတွေရှိတဲ့ တပ်ရင်းအတွင်းကနေ ထွက်ခွာနေရတာ တစ်လနီးပါးရှိနေပြီဖြစ်ပါတယ်။
ဖခင်ဖြစ်သူဟာ ရေစကြိုမြို့မှာရှိတဲ့ ခလရ ၂၅၆ မှာ တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီ လက်ရှိ ကချင်ပြည်နယ်က ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေရာမှာ သူနဲ့ဖုန်းရတဲ့အချိန်မှာ သမဂ္ဂကနေ နုတ်ထွက်ဖို့ နုတ်မထွက်ဘူးဆိုရင် ဖခင်ဖြစ်သူ အပြစ်ပေးခံရနိုင်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ကိုသက်မောင်မောင်နဲ့ သူ့ရဲ့မိခင်ကို ခလရ (၂၅၆) ခြေလျင်တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူးဖြစ်သူက ခေါ်ယူပြီး ကိုသက်မောင်မောင်ကို ပခုက္ကူကျောင်းသားသမဂ္ဂကနေ နုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ဘူးဆိုရင် ဖမ်းဆီးအပြစ်ပေးမယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်တဲ့အတွက် မိခင်ဖြစ်သူကလည်း စိုးရိမ်ကြောင်း ပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်တချို့ တက်ရောက် ခဲ့ကြပါတယ်။