နေရပ်ပြန်လိုတဲ့ သီပေါ ဒေသခံတွေကို မိုင်းအန္တရာယ် RCSS သတိပေး


2018.04.08
thibaw-refugees-622.jpg သီပေါမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်က မန်လွယ်၊ အုံမုနဲ့ ထန်စန့် ကျေးရွာတွေက နေရပ်ပြန်လိုတဲ့ ဒေသခံတွေကို RCSS က နေရပ်မပြန်ဖို့ တားမြစ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် RCSS ကတော့ တားမြစ်တာ မဟုတ်ဘဲ မိုင်းအန္တရာယ် သတိပေးခြင်းသာဖြစ်တယ်လို့  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

လက်ရှိမှာ လက်ဖက်ခူးရာသီဖြစ်တဲ့အပြင် တိုက်ပွဲတွေ ရပ်နေတာကြောင့် ဒေသခံတွေက နေရပ်ပြန်လိုနေကြတာ ဖြစ်ပေမယ့် မိုင်းနင်းမိတာတွေ ရှိနိုင်တဲ့အတွက် သတိထားစေချင်တာ ဖြစ်တယ်လို့ RCSS ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဦးက ပြောပါတယ်။

"ပြန်ခွင့်မပေးဘူးဆိုတာ မဟုတ်ပါဘူး။ သူတို့ပြန်လို့ရပါတယ်။ သူတို့ လုံခြုံရေးအခြေအနေတွေ ဘာတွေကြတော့ ကျနော်တို့ဘက်က တာဝန်ယူပေးလို့မရဘူး အဲ့လိုပေါ့။ အရပ်သားပြည်သူတွေက ပြန်သွားလို့ လမ်းတွေမှာ ဥပမာ မိုင်းနင်းမိတာတို့ ဘာတို့ အဲ့ဒါတွေကို ကျနော်တို့ဘက်က သတိထားဖို့နော်။ ဒီအချိန်က လက်ဖက်ခူးတဲ့အချိန် သူတို့ကလည်း ဝမ်းစာကို လက်ဖက်ပေါ်မှာပဲ မှီခိုအားထားနေရတော့။ ပြည်သူတွေအတွက် တော်တော်လေးဒုက္ခ ရောက်မယ်လို့ ကျနော်တို့ အဲ့လိုပဲမြင်တယ်ပေါ့နော်"

ပြီးခဲ့တဲ့ မတ်လက ကျောက်မဲမြို့နယ် တော့ဖယ်ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့တွေ ဘက်က သီပေါမြို့နယ်က မန်လွယ်၊ အုံမုနဲ့ ထန်စန့်ကျေးရွာတွေကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေက သီပေါမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြပြီး လက်ရှိမှာ နေရပ်ပြန်လိုနေကြတာ ဖြစ်ပါတယ်။

RCSS တပ်တွေဟာ တအာင်းလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ (၂ ) ဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ် စပ်ကြား ကြက်သေကျေးရွာ၊ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာ၊ တောဖယ်ကျေးရွာနဲ့ နမ့်အန်ကျေးရွာတွေကို ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ TNLA ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

RCSS ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဦးကတော့ TNLA က RCSS တပ်တွေကို လာရောက်တိုက်ခိုက်တဲ့ အတွက် ခုခံတိုက်ပွဲတွေဖြစ်ပွားတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေရပ်နေပြီး TNLA ဘက်က အင်အားစုဆောင်းမှုတွေ ရှိနေတယ်လို့ ကြားရကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။