သီလဝါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက်ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။

2012.08.28

အဲဒီလုပ်ငန်းစုမှာ မစ်ဆူဘီရှီ၊ မာရူဘီနီနဲ့ ဆူမီတိုမို ဆိုတဲ့ ဂျပန်ကော်ပိုရေးရှင်းကြီး သုံးခုပါဝင်ပြီး စီမံကိန်းရဲ့ ရှယ်ယာ ၄၉ ရာနှုန်း ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက အများပြည်သူတွေကိုလည်း ရှယ်ယာတွေ ပါဝင်ကြဖို့ အစိုးရက ခေါ်ယူထားပါတယ်။

ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံ အပါအဝင် စက်မှုလုပ်ငန်း အများအပြား ပါဝင်မယ့် သီလဝါ အထူးစီပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရက ဘဏ္ဍာရေး အကူအညီတွေ ပေးမှာဖြစ်ကြောင်းလည်း ပြည်ထောင်စု ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့စဉ်အတွင်း ဂျပန်အပေါ် မြန်မာက တင်ရှိနေတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း လေးထောင်နီးပါးကို ဂျပန်အစိုးရက လျှော်ပစ်လိုက်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးတွေ ပြန်လည် စတင်နိုင်ရေးအတွက် နောက်ထပ်ငွေချေးဖို့ သဘောတူခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာဈေးကွက် ထူထောင်ရေးမှာ ကူညီဖို့ ဂျပန် ဒိုင်ဝါ လုပ်ငန်းအုပ်စုက သဘောတူညီခဲ့ပြီး မြန်မာ အစိုးရအနေနဲ့ ဂျပန် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်အောင် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကျောထောက်နောက်ခံ ဌာနတစ်ရပ် ထူထောင်ရေးအတွက် ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

အလားတူ ဆူမီတိုမို မစ်ဆူအီဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို ကူညီမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ကျောက်ဖြူနဲ့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာလည်း ဂျပန်က ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။