သီလဝါ စီးပွားရေးဇုန်အတွင်းက လယ်သမားတွေနဲ့ အာဏာပိုင်များ တွေ့ဆုံညှိနှိုင်း
2013.07.08

သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်ပြီး အကောင်ထည်ဖော်ဖို့ရှိနေတဲ့ သီလဝါဆိပ်ကမ်း စီမံကိန်းကြောင့် လယ်တွေ ရွာတွေ ပြောင်းရွှေ့ပေး ရမယ့် ဒေသခံတွေအတွက် နစ်နာမှုအများအပြား မရှိစေဖို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးသွားမယ် လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တာဝန်ရှိသူတွေ က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်းကပြုလုပ်တဲ့ သီလဝါဆိပ်ကမ်း စီမံကိန်းဧရိယာမှာ ပါဝင်တဲ့ ဒေသခံတွေနဲ့ အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲ မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က အခုလို ပြောကြားခဲ့တာပါ။
"ဒီလုပ်ငန်းက နောက်ထပ် ၅ နှစ် ဆယ်နှစ်ကြာမှာ၊ ဒါကြောင့် ဒီပေါ်ကိုမူတည်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ အနည်းဆုံးအကောင်အထည်ဖော် လုပ်ရမယ့်နေရာတွေမှာ အဆင်ပြေအောင် ပထမအဆင့်အနေနဲ့ ညှိတယ်၊ အဲ့လိုလုပ်ရင်း ကနေ နောက်တစ်ဆင့် နောက်တစ်ဖွဲ့ အလုပ် လုပ်မယ်၊ ညှိမယ်၊ လုပ်မယ်၊ ဒီလိုမျိုးလေးနဲ့ သွားလိုက်ရင်တော့ ခင်ဗျားတို့လည်း အနေအစားမပျက်ဘူး အနီးဆုံးဖြစ်တဲ့နေရာလိုချင်တယ်ဆိုရင်လည်း ဒါကတော့ ကျွန်တော်တို့တင်ပြပေးမယ်၊ အတတ်နိုင်ဆုံးအဆင်ပြေအောင် ညှိပေးမယ်"
အဲဒီ သီလဝါ ဆိပ်ကမ်းစီမံကိန်းဟာ သီလဝါ ဘက်စုံစီမံကိန်းရဲ့ ဒုတိယအဆင့် အကောင်အထည်ဖော်မယ့် စီမံကိန်း ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်တန်းမြို့နယ်မှာရှိတဲ့ ရွှေပြည်သာရွာ၊ ဘေးပေါက်ကျေးရွာ၊ အေးမြသီတာ၊ သီတာမြိုင်၊ သီလဝါစတဲ့ ကျေးရွာတွေက ဧကရာချီတဲ့ လယ်မြေတွေနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေဟာ ဒီစီမံကိန်းဧရိယာမှာ ပါဝင်တယ်လို့လည်း သိရပါတယ်။
အဲဒီစီမံကိန်းနဲ့ ပတ်သက်လို့ လယ်မြေတွေကို ၁၉၉၄၊ ၉၅ ခုနစ်တွေကတည်းက နိုင်ငံပိုင်သိမ်းယူထားတယ်လို့ လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတွေက ဆိုပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းအနီးက မြေဈေးတွေကတော့ ပြီးခဲ့တဲ့မေလအတွင်း ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နောက်ပိုင်း သိန်းထောင်ချီတဲ့အထိ အဆမတန်မြင့်တက်နေခဲ့ပါ။
ဒီကနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ရွှေပြည်သာယာကျေးရွာမှ ဦးတင်အုန်းကတော့ နောက်ထပ် တွေ့ ဆုံဆွေးနွေးဖို့ရှိနေပြီး အစားထိုး မြေနေရာချထားပေးမှုနဲ့ မြေလျော်ကြေးတွေဟာ ဒေသခံတွေအဖို့ အဓိကထား ဦးတည်ဆွေးနွေးရမယ့် အချက်ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
" အခု ဒီဒုတိယအကြိမ်ဆွေးနွေးပွဲမှာ ဘာမှမပြီးဆုံးသွားဘူး နောက်တစ်ခေါက်ပြန်ပြီးဆွေးနွေးတော့မှ ကျွန်တော်တို့က အဖြေရှာလို့ရမှာ အခုနေမှာ သူနဲ့ကိုယ်နဲ့က ဘာမှခွဲခြားလို့ မရသေးဘူးဖြစ်နေတယ်၊ လယ်သမားပေါ်ကို သူတို့ ဘယ်လိုသက်ညှာမှုရှိမယ်၊ ကျွန်တော်တို့ကလည်း စီမံကိန်းပေါ်မှာ ဘယ်လိုသက်ညှာမှုရှိသွားမယ် ဘာမှကွဲပြားမှုမရှိသေးတဲ့အတွက်၊ ဇုန်တွေကြီးပဲဖြစ်နေတဲ့အတွက် သူကနေရာပေးမယ်ဆိုရင် ဘယ်နေရာမှာသွားပေးမှာလဲ၊ ဟုတ်တယ်မို့လား၊ အလုပ်ရုံစီမံကိန်းဖြစ်လည်း ကျွန်တော်တို့ကို သနားတဲ့အနေနဲ့ ရော့ပြောင်းဆိုပြီးတော့ ပိုက်ဆံပေးသွားလည်း ကျွန်တော်တို့က ကျွန်တော်တို့ ဘယ်မှာသွားဝယ်မလဲ၊ ပေးတဲ့ပိုက်ဆံနဲ့ ရောင်းတဲ့ကာလပေါက်ဈေးနဲ့ အဆမတန်ကွာနေတော့ ဘယ်လိုသွားဝယ်မလဲ"
သီလဝါစက်မှုဇုန် စီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ နစ်နာမှုမရှိရအောင် မြန်မာနိုင်ငံမှာ စံပြစီမံကိန်းအဖြစ် အကောင်ထည်ဖော်သွားမယ်လို့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ဥက္ကဌ ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားထားတယ်လို့လည်း သိရပါတယ်။