သီလဝါ မြေယာပြဿနာ တိုင်းအစိုးရနဲ့ လယ်သမားတွေ တေ့ွဆုံ


2018.05.14
thilawa-land-meeting-622.JPG သီလဝါစက်မှုဇုန်မြေနေရာနဲ့ ပတ်သက်ပြီး အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် မေလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ ကျင်းပစဉ်
Photo: Phyo Min Thein - facebook

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း အကွက်အမှတ် ၁၂၊ ၁၃ က လယ်သမားတွေနဲ့ ဦးပိုင်ကုမ္ပဏီတို့အကြား ဖြစ်ပွားနေတဲ့ လယ်မြေပြဿနာကို အမြန်ဆုံးစိစစ်ပြီး လျော်ကြေးပေးမယ်လို့ တိုင်းဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် လယ်ယာမြေ စိစစ်ရေးအဖွဲ့တွေ၊ လယ်သမားတွေ တွေဆုံဆွေးနွေးရာမှာ ဝန်ကြီးချုပ်က ပြောတာလို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောပါတယ်။

"အမြန်လျော်ကြေးပေးဖို့အတွက် စိစစ်ဖို့ဆိုပြီးတော့ပဲပေါ့နော်၊ မနက်ဖြန်ကျရင် မြို့နယ်နဲ့ခရိုင် ပေါင်းပြီးတော့မှ ကျောက်တန်းမှာစစ်ကြမယ်ပေါ့လေ။ ပြန်စစ်မယ် အဲလောက်ပါပဲ။ မူလသိမ်းဆည်းထားတဲ့ လက်ငုတ် လက်ရင်းတောင်သူရယ်၊ လက်ရှိအပေါ်မှာစိုက်ထားတဲ့ အထောက်အထားပြတဲ့တောင်သူရယ်၊ အဲဒီလောက်ကို စာရင်းစာယားပြန်ပြုစုရမှာပေါ့။ ဒီနေ့တော့ တောင်သူတွေကိုခေါ်ပြီးတော့ တိုက်ရိုက် မေးတဲ့အခြေ အနေလောက်ပါပဲနော်"

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အဲဒီ လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီက သဲတင်ဖို့ ကြိုးစားတာကို တားဆီးခဲ့တဲ့ လယ်သမားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့တာကြောင့် ၃ ဦး သေနတ်ထိမှန်ခဲ့ကာ ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ တောင်သူ ၃ ဦးကို သာမန်နာကျင်စေမှု နဲ့ အမှုဖွင့်ကာ မနေ့က အာမခံပေးလိုက်သလို လယ်မြေဧက ၁၀၀ ပေါ်မှာ နေထိုင်နေသူတွေကိုလည်း ဝင်ထွက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲဒီလယ်မြေတွေဟာ ၁၉၉၅-၉၆ ခုနှစ်တုန်းက နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတည်ဆောက်ဖို့ဆိုပြီး ဆိပ်ကမ်း အာဏာပိုင်က လယ်သမားတွေကို တစ်ဧက ကျပ် ၂ သောင်းနှုန်းပေးကာ သိမ်းယူခဲ့တဲ့ အကွက်အမှတ် ၁၂၊ ၁၃ ဖြစ်ပါတယ်။

ကုမ္ပဏီကို တားဆီးခဲ့တဲ့ လယ်သမားတွေက မူလလယ်သမားတွေမဟုတ်ဘဲ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဆိပ်ကမ်း အာဏာပိုင်က စီမံကိန်းကို အကောင်အထည်မဖော်တဲ့အတွက် ခြုံတွေဖြစ်နေတာကို လယ်မြေအဖြစ် ခုတ်ထွင် ရှင်းလင်းပြီး ဝင်ရောက်လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြေယာလျော်ကြေးတွေ ရှင်းရှင်းလင်းလင်း မဖြစ်သေးဘဲ ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆက်မလုပ်ဖို့ လယ်သမားတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။

အဲဒီမြေအကွက်မှာ ရေလုပ်ငန်းလုပ်ကိုင်ပြီးနေထိုင်သူ၊ သီလဝါစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်သူတွေရဲ့ တဲအိမ် စုစုပေါင်း ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။