အကြမ်းဖက်ဖြိုခွဲသူတွေကို တရားစွဲမယ်လို့ သီလဝါ လယ်သမားတွေပြော
2018.05.16

မေလ ၁၂ ရက်နေ့က သီလဝါ မြေကွက်အမှတ် ၁၂၊ ၁၃ မှာ မြေဖို့တဲ့ ဦးပိုင်ကုမ္ပဏီ ဝန်ထမ်းတွေကို လယ်သမားတွေ က တားမြစ်တာကြောင့် အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့အတွက် အင်အားသုံးဖြိုခွဲသူတွေကို တရားစွဲဆိုသွားမယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သီလဝါ လယ်သမားတွေက ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လယ်သမား ဦးမင်းလွင်ဦးက အခုလို ပြောပါတယ်။
"ဦးတို့ဘက်ကလည်း ဒီဥစ္စာတွေကို တရားပြန်စွဲမှာ မတရားလုပ်တယ်။ အင်အားသုံး အကြမ်းဖက်တဲ့ ကိစ္စကို လည်း နိုင်ငံတော်အကြီးအကဲတွေသိအောင် တိုင်မှာ၊ တိုင်စာတွေရေးပြီး အဆင့်ဆင့် တိုက်ပွဲဝင်ကြမှာပေါ့နော့။ အကြမ်းဖက်ဖြိုခွင်းတာကို မကျေနပ်တာ၊ အကြမ်းဖက်ဖြိုခွင်းတာ ရိုးရိုး အကြမ်းဖက်ဖြိုခွင်းတာ မဟုတ်ဘူးနော့၊ လူတံတိုင်းခြားပြီးတော့ အကွက်ကျကျစီစဉ်တာကို မဖြစ်သင့်ဘူးလို့ ယူဆတယ်"
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါ ကျေးရွာက ဧကပေါင်း ၁၀၀ နီးပါးရှိတဲ့ ကွင်းအမှတ် ၁၂၊ ၁၃ မြေကွက်ဟာ တောင်သူလယ်သမား ၉ ဦးနဲ့ ဦးပိုင်ကုမ္ပဏီတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နေရာဖြစ်ပါတယ်။
မေလ ၁၂ ရက်နေ့က အဲဒီမြေပေါ်မှာ ဦးပိုင်ကုမ္ပဏီက သဲတင်တာကို လယ်သမားတွေက တားမြစ်ရင်း ရုန်းရင်း ဆန်ခတ်ဖြစ်ပွားကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် တောင်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လယ်သမား ၄ ဦးကိုလည်း သာမန်နာကျင်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုတို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အဲဒီမြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က လယ်သမားတွေဆီကနေ ပိုင်ဆိုင်မှု အထောက်အထားတွေ တောင်းယူထားပါတယ်။ အဲဒီ မြေပိုင်ဆိုင်မှုတွေကိုလည်း မြေစာရင်းနဲ့ လယ်ဆည်အဖွဲ့တွေ က စိစစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီမြေနေရာမှာ ဦးပိုင်ကုမ္ပဏီက မြေဖို့တဲ့ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။