သီလဝါဒေသ လယ်သိမ်းမှုကို ဒေသခံတွေ ရှင်းလင်း
2019.08.21

ရန်ကုန်တိုင်း ကျောက်တန်းနဲ့ သန်လျင်မြို့နယ်မှာရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ သီလဝါဆိပ်ကမ်း စီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံရတဲ့ လယ်သမားတွေက သူတို့ဟာ ကျူးကျော်တွေ မဟုတ်ဘူးလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
သီလဝါဒေသက လယ်သမားတွေကို အစိုးရ၊ ကုမ္ပဏီနဲ့ဌာနဆိုင်ရာတွေက ကျူးကျော်လို့ ပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေက အခုလို ပြောဆိုလိုက်တာပါ။
ဒီလယ်သမားတွေဟာ ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းက နေထိုင်ခဲ့တာဖြစ်ပြီး လုပ်ကိုင်စားသောက်လာကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် လယ်သမားတွေကို အစိုးရက မြေယာဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်ဘဲ လယ်ယာမြေတွေကို သိမ်းဆည်းနေတာကြောင့် လယ်သမားတွေဟာ ဥပဒေအကာအကွယ်မရဘဲ နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ပြောကြပါတယ်။
လက်ရှိ သီလဝါအထူးစီးပွားရေးဇုန်မှာ ပြောင်းရွှေ့ခံ ဒေသခံတွေဟာ အလုပ်အကိုင်မရကြဘဲ နေအိမ်တွေ ရောင်းချထွက်ခွာသွားတာတွေ များလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကတော့ ဖေဖော်ဝါရီလ၂၄ရက်နေ့ကပြုလုပ်တဲ့ သီလဝါအထူးစီးပွားရေးဇုန်(ဘီ)ဖွင့်ပွဲမှာ စီးပွားရေးဇုန်(အေ)မှာ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားနိုင်ကြောင်းနဲ့ နောက်ထပ်ဒေသခံတွေ လူမှုဘဝတွေ ပိုမိုမြင့်မားအောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီပေါင်း ၁၀၈ ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီတွေဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Suzuki နဲ့ Toyota တို့ အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ကြောင်း၊ မြန်မာ့စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံတွေကို ကြိုဆိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ကျင်းပတဲ့ မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)