သဘောၤကွေ့ကျေးရွာက နေအိမ်တွေကို ဖြိုဖျက်
2018.07.09

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာမှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို တရားမဝင်ဘူးဆိုပြီး ဒီနေ့ညနေပိုင်းမှာ အာဏာပိုင်တွေက အင်အားသုံး ဖြိုဖျက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့အင်အား အများအပြားနဲ့လုံခြုံရေးယူပြီး ဖြိုဖျက်နေတာလို့ အဲဒီရွာမှာရှိနေတဲ့ ကိုအောင်နိုင်က ပြောပါတယ်။
"အိမ်တွေကိုတော့ သူတို့စတင်ပြီးဖြိုဖျက်နေပါပြီ။ ရှေ့ကနေ ရဲတွေက ဒိုင်းကာတွေနဲ့အကြမ်းဖက်ကို နှိမ်နင်းတဲ့ ပုံစံမျိုးနဲ့ဝင်ပါတယ်။ နောက်ကနေ မီးသတ်အဖွဲ့တွေက ဖျက်ပါတယ်။ အခုလက်ရှိမှာ နှစ်လုံးလောက်ဖျက်ပြီးပါပြီ။ အိမ်ကထွက်ခွာမည်ဖြစ်ကြောင်းကို သူတို့အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတယ်။ မထိုးရင် ဖမ်းမယ်လို့ပြော တယ်။ လူတွေကတော့ အိမ်ထဲမှာဘယ်သူမှမရှိကြပါဘူး။ အကုန်လုံးအပြင်မှာ သူတို့နဲ့ထိပ်တိုက်တွေ့နေရတဲ့ အတွက်ကြောင့် အခုလောလောဆယ်မှာ အပြင်ရောက်နေတယ်။ အဲဒီအချိန်မှာ ဝင်ဖျက်တာဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်လည်း ရောက်နေပါတယ်။ သူကိုယ်တိုင် ဦးဆောင်ပြီးဖျက်နေတာပါ"
သင်္ဘောကွေ့ကျေးရွာဟာ မောင်တောအကြမ်းဖက်မှုမဖြစ်ခင်က မွတ်စလင်တွေနေထိုင်ခဲ့တဲ့ကျေးရွာဖြစ်ပြီး အကြမ်းဖက်မှုနောက်ပိုင်း လူမရှိတော့တဲ့မီးလောင်ပြင်ရွာပျက်အဖြစ် ရှိနေခဲ့တာပါ။
အဲဒီနေရာမှာ ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ စတဲ့မြို့နယ်တွေက ရခိုင်တိုင်းရင်းသားတွေ တဖြည်းဖြည်း လာရောက် အခြေချတာတွေရှိလာခဲ့ပြီး လက်ရှိမှာ အိမ်ထောင်စု ၅ဝ ကျော်နဲ့ လူဦးရေ ၂ဝဝ ကျော် လောက် ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် အဲဒီနေရာမှာ အိမ်အလုံးရေ ၅ဝ ကျော်လောက် ရှိနေပြီဖြစ်ပါတယ်။
မွတ်စလင်တွေ နေထိုင်ခဲ့တဲ့နေရာမှာ အခုလိုလာရောက်နေထိုင်တာဟာ တရားမဝင်တဲ့အတွက် တစ်ပတ်အတွင်း ဖြိုဖျက်ပေးဖို့ ဇွန်လ ၃ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စာနဲ့အကြောင်းကြားခဲ့သလို နှစ်ဘက်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ပြေလည်မှု မရခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီအိမ်တွေကို ဒီနေ့အင်အားသုံးဖြိုဖျက်နေတာနဲ့ပတ်သက်ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံပြောဆိုခြင်း မရှိပါဘူး။
သင်္ဘောကွေ့ကျေးရွာသစ်ကို တိုင်းရင်းသားတွေနဲ့ထူထောင်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံ ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မောင်တောမြို့နယ်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့လည်း အမှုဖွင့်ခံရသူတွေထဲက ကိုအောင်နိုင်က ပြောပါတယ်။