နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မောင်တော မှာ နှစ်ဦးကို ဖမ်းဆီး
2018.07.10

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းမှာ မွတ်စလင်တွေနေထိုင်ခဲ့တဲ့ သင်္ဘောကွေ့ကျေးရွာဟောင်းကို တိုင်းရင်းသားတွေနဲ့ အစားထိုးတည်ဆောက်ဖို့ ကြိုးပမ်းမှုကြောင့် ဒေသခံနှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု နဲ့ ရဲက ဖမ်းဆီးလိုက်ပြီး ဒီနေ့ ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
ဒီနေ့မနက်က မောင်တောမြို့နယ်တရားရုံးမှာ ရုံးထုတ်အပြီး ဘူးသီးတောင်ကို ပို့ဆောင်လိုက်တာလို့ ဖမ်းဆီးခံရသူနှစ်ဦးရဲ့ သမီးဖြစ်သူ မရွှေရည်လင်းလက် က ပြောပါတယ်။
"မနေ့တုန်းက ဖမ်းခေါ်သွားပြီးတော့ အင်းဒင်မှာထားတယ်။ အခုမနက် ၁၀ နာရီလောက်က မြို့နယ် တရားရုံးကို ရောက်လာတယ်။ ပြီးတော့ ဘူးသီးတောင်ကိုခေါ်သွားပါတယ်။ သင်္ဘောကွေ့ရွာမှာ အိမ်ဆောက်ပြီးသားလည်းဖြစ်နေတယ်။ ပြောင်းဖို့ အဆင်မပြေနိုင်လို့ တောင်းပန်တယ်။ ဒီရွာမှာ ခဏလေးနေပါရစေ၊ ဒီတစ်လနှစ်လလောက်နေပါရစေ၊ မိုးကုန်ပြီးတော့မှာ အဲဒီဘက်ကို ပြောင်းပေး ပါမယ်၊ တစ်လနှစ်လနေခွင့်ပေးပါဆိုတာကို မနေခိုင်းဘူး။ မနေခိုင်းပေမယ့် သမီးတို့ကလည်း မပြောင်းချင်ဘူး။ အဲဒါသူတို့ပြောင်းခိုင်းတဲ့နေရာကို မပြောင်းလို့ဆိုပြီး ဖမ်းသွားတာပါ"
ဦးထွန်းမြင့်ဦးနဲ့ သူ့ရဲ့ဇနီးဒေါ်ဥမ္မာကျော်၊ ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာက ဦးအောင်နိုင် တို့သုံးဦးကို ခွင့်ပြုချက်မရှိဘဲ ကျေးရွာတည်ဆောက်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မောင်တောမြို့နယ်စီမံ ခန့်ခွဲရေးကော်မတီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)နဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။ အဲဒီထဲက ဦးထွန်းမြင့်ဦးနဲ့ ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်ကို မနေ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။
သင်္ဘောကွေ့ကျေးရွာဟာ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်အတွင်း ရွာလုံးကျွတ်မီးလောင်ကျွမ်း ခဲ့တဲ့ကျေးရွာဖြစ်ပါတယ်။
မွတ်စလင်တွေမရှိတော့တဲ့ အဲဒီရွာမှာ တိုင်းရင်းသားတွေက နေအိမ်တွေဆောက်လုပ်အခြေချမှုတွေ ရှိလာတာကြောင့် အာဏာပိုင်တွေဘက်က အခြားနေရာမှာနေအိမ်တွေ စီစဉ်ဆောင်ရွက်ပေးမယ်ဆိုပြီး ညှိနှိုင်းတာတွေရှိခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ဘူးလို့လည်း သိရပါတယ်။
မနေ့ကတော့ အဲဒီနေအိမ်တွေကို တရားမဝင်ဘူးဆိုပြီး မြို့နယ်အာဏာပိုင်တွေက အင်အားသုံးပြီး ဖြိုဖျက်ခဲ့ပါတယ်။
လက်ရှိမှာတော့ သင်္ဘောကွေ့ရွာမှာ အခြေချဖို့ကြိုးပမ်းခဲ့ကြတဲ့ အိမ်ထောင်စု ၅၀ လောက်နဲ့ လူဦးရေ ၁၈၀ ကျော်ဟာ ကျောက်ပန္ဒူကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြောင်းရွှေ့နေကြတယ်လို့သိရပါတယ်။