ရိုးရာသြင်္ကန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့ ဖွဲ့စည်း


2017.04.07
thingyan-2016-620.jpg ရန်ကုန်မြို့တော် မဟာသြင်္ကန် ဗဟိုမဏ္ဍပ်ကို ၂ဝ၁၆ ခုနှစ်က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင် ခေါင်းဆောင်အဖြစ် ပါဝင်မယ့် ရိုးရာသြင်္ကန်ဖော်ဆောင်ရေး ပရဟိတအဖွဲ့ကို ဒီကနေ့စတင်ဖွဲ့စည်းလိုက်ပြီး ၂၀၁၇ ခုနှစ် ရန်ကုန်သြင်္ကန်အတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ မြို့တော်ခန်းမမှာဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်သန်းမြင့််အောင်ကပြောပါတယ်။

အဲဒီအဖွဲ့ဟာ သြင်္ကန်ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပါပူးပေါင်းပြီး ပြည်သူတွေကို ကူညီပေး သွားမယ်လို့ ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်ကပြောပါတယ်။

"ရိုးရာသြင်္ကန် စည်ကားသိုက်မြိုက်စွာ ပူပင်သောကကင်းကင်း ပျော်ရွှင်စေရေး၊ အမှိုက်အပါအဝင် စွန့်ပစ် ပစ္စည်းတွေကို စည်းကမ်းစနစ်တကျ စွန့်ပစ်ရေး၊ ကျမတို့ စည်ပင်သာယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပါပါ့မယ်၊ နောက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပေးနိုင်စေရေး ရှင်ကူအသင်းတို့ နာရေး ကူညီမှုအသင်းတို့က လူနာတင်ယာဉ်တွေလည်း ကြည့်ပါမယ်၊ နောက်တခါ လူမှုအကျိုးပြုလုပ်ငန်းများ ရှင်သန်တိုးတက်စေရေးပေါ့"

အဲဒီအဖွဲ့မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူငယ်ပရဟိတအသင်းတွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နာရေးကူညီမှုအသင်း၊ ကြက်ခြေနီအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ ကင်းထောက်အဖွဲ့နဲ့ အရန်မီးသတ်အဖွဲ့တွေ ပါဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။

လူမှုရေးအဖွဲ့တွေ အားလုံးအနေနဲ့ ပြီးခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားမှာကတည်းက အခုလိုစုပေါင်းပြီး အကူအညီပေးခဲ့သလို သြင်္ကန်မှာလည်း ထပ်ပြီးကူညီပေးဖို့အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက အကူအညီကောင်းခံလာလို့ အခုလို စုပေါင်းဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

ဒီပရဟိတအဖွဲ့မှာ ပါဝင်မယ့်သူတွေအနေနဲ့ ယာဉ်လမ်းကြောင်းရှင်းလင်းတာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကို သန့်ရှင်းအောင်ဆောင်ရွက်တာ၊ ထိခိုက်ဒဏ်ရာရသူတွေကို တာဝန်ရှိသူတွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်ပေး တာတွေအပြင် ပြည်သူတွေရဲ့အကူအညီ တောင်းခံလာမှုတွေနဲ့ အကူအညီပေးတာတွေကို အတိအကျ မှတ်တမ်းတင်တာတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။