မောင်တောမြို့သြင်္ကန်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲနဲ့ လူငယ်တွေ ရိုက်ပွဲဖြစ်
2015.04.15
ရခိုင်ပြည်နယ် မောင်တောမြို့မှာ သြင်္ကန်ရေပက်ခံထွက် တဲ့ မြို့ခံလူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား မနေ့က ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မောင်တောမြို့ခံ လူငယ် ၃၀ ကျော်ဟာ ဘူးသီးတောင် မြို့ကို ကားနှစ်စီးနဲ့ ရေပက်ခံထွက်ပြီး ညနေ ပိုင်း မောင်တောမြို့ကိုအပြန်မှာ စကားများရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အဲဒီအမှုကို ဒီနေ့ သွားရောက်စစ်ဆေးနေတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးမြအောင်က ပြောပါတယ်။
"ကလေးတွေကဘူးသီးတောင်မှာ ရေကစား ကြတယ်၊ မောင်တောကိုပြန်လာတယ်၊ ပြန်လာတော့ ၃ မိုင်ဂိတ်မှာ နယ်ခြားစောင့်နဲ့ သြင်္ကန်မဏ္ဍပ်လေး နဲ့ ရေကစားကြတယ်ပေါ့၊ ကစားရင်းနဲ့ အချင်ချင်းစကားများတယ်ပေါ့၊ ပွဲကတော့အဲ့မှာဘဲပြီး သွားပါတယ်၊ ဒါပေမယ့် နယ်ခြားစောင့်ရဲက ခေါင်းပေါက် သွားတယ်၊ သူတို့ဆေးရုံကို လာပို့တယ်၊ လာပို့တဲ့အချိန်မှာ သူတို့နဲ့ဖြစ်တဲ့ကိစ္စကို သိသွားတယ်၊ အဲ့ဒါအကြမ်း မျဉ်းပေါ့"
၃ မိုင် လုံခြုံရေးစခန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ရေပက်ခံထွက်တဲ့ကားပေါ်က မိန်းကလေးတွေကို ကိုယ်ထိ လက်ရောက်ကျူးလွန်မှုတွေရှိခဲ့တာကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့တာ လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။
အဲဒီကိစ္စကို မကျေနပ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်က ည ၈ နာရီလောက်မှာ မောင်တောမြို့အထိ လိုက်လာပြီး အမှတ်(၃) ညောင်ပင်လှရပ်ကွက်မှာ ကားပေါ်က လူငယ်တွေကို နံပါတ်တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခဲ့တာကြောင့် လူငယ် ၅ ယောက်ထက်မနည်း ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေချိန်အတွင်းမှာ အနီးအနားကနေအိမ်တွေကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူငယ်တွေကိုလည်း အိမ်ခြံတွေထဲအထိ လိုက်လံရိုက်နှက်တာကြောင့် မြို့ခံလူ ၂၀၀ လောက်စုရုံးလာခဲ့ကြပြီး ည ၁၀ နာရီလောက်မှာ လူစုကွဲသွားတယ်လို့ သိရပါတယ်။
ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ နယ်ခြားစောင့်ရဲတွေနဲ့ မြို့ခံလူငယ်တွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ သွားရောက် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။