ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၀ နှစ်ချ

2021.11.08
ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို ထောင်ဒဏ် ၁၀ နှစ်ချ ထောင် ၁၀ နှစ်ချခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို တွေ့ရစဥ်
Photo: ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ဓာတုဗေဒ တတိယနှစ်ကျောင်းသူ မသဉ္ဇာဇော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာ စစ်ခုံရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က)နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက နိုဝင်ဘာ ၈ ရက် ဒီနေ့မှာ ထုတ်ပြန် ပါတယ်။

မသဉ္ဇာဇော်ကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ထဲမှာ တခြား ကျောင်းသား၊ ကျောင်းသူ ငါးဦးနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုအမိန့်ချမှတ်လိုက်တဲ့ ပုဒ်မဟာ မူလက ပြည်ထောင်စုအစိုးရအဖွဲ့ကို အမုန်းထားအောင်၊ မလေးစားအောင် ပြုလုပ်အားထုတ်ရင် ဒါမှမဟုတ် မေတ္တာပျက်အောင်လှုံ့ဆော်ရင်၊ အားထုတ်ရင် စွဲဆိုနိုင်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပေမယ့် စစ်ကောင်စီက ဖေဖောဝါရီလက "တပ်မတော်၊ တပ်ဖွဲ့ ဝင်များကို" ဆိုတဲ့ စာသားကိုပါ ဖြည့်စွက်ပြင်ဆင်ခဲ့တာပါ။

ဒါ့အပြင် မူလက ငွေဒဏ်နဲ့တကွ ထောင်ဒဏ် ၃ နှစ်ကစလို့ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တယ်လို့ ပြဌာန်း ထားပေမယ့် "ငွေဒဏ်နဲ့တကွ ထောင်ဒဏ် ၇ နှစ်မှ အနှစ် ၂၀ အထိ" ဆိုပြီး စစ်ကောင်စီက ပြစ်ဒဏ်တွေကိုပါ တိုးမြင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

မသဉ္ဇာဇော်နဲ့အတူ ဖမ်းဆီးခံခဲ့ရသူတွေထဲက ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ အတွင်းရေးမှူးဟောင်း ကိုစည်သူအောင်တင်ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၁၂၄ (ဃ) ၊ ပုဒ်မ -၅၀၅ (က) တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို မြောက်ဥက္ကလာ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။