တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ရွှေ့ဆိုင်း
2018.01.21

ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကို ရွှေ့ဆိုင်းလိုက်တယ်လု့ိ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး က ဒီနေ့ ပြောပါတယ်။
ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့အတွက် အစိုးရခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား ညှိနှိုင်းနေ တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
"ဟုတ်ကဲ့။ ရက်ကိုတော့ ပထမဦးဆုံးတော့ အကြမ်းဖျဉ်းတော့ သတ်မှတ်ထားတာပေါ့ဗျာ။ အခုတော့ ကျနော်တို့ ရက်ကို ပြန်လည်ညှိနှိုင်းနေပါတယ်။ အခြေအနေတွေ အားလုံး ပြေလည်လာအောင် ကျနော်တို့ ကြိုးစားနေပါတယ်။ ဟုတ်ကဲ့ ဒီလအတွင်းတော့ ကျနော်တို့ အခုအခြေအနေနဲ့ဆို မဖြစ်နိုင်တော့ပါဘူး။ ဒီလအတွင်းမဖြစ်နိုင်တော့ နောက်လထဲမှာတော့ ကျနော်တို့ ဖြစ်အောင် လုပ်သွားမှာပါ။ ဟုတ်ပါတယ်ဗျ ထိပ်ပိုင်းခေါင်းဆောင်တွေ သူတို့အချင်းချင်း ညှိနှိုင်းနေကြပါတယ်။ ကျနော်တို့ ဒီဖေဖော်ဝါရီ လထဲမှာတော့ လုပ်ဖြစ်မှာပါ"
အရင်က ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို အခုလ နောက်ဆုံးပတ်မှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပြုလုပ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြို လူထုတွေ့ဆုံပွဲတွေနဲ့ လူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲတွေ တားမြစ်ခံရတာကြောင့် အဲဒီကိစ္စတွေကို ဆွေးနွေး ညှိနှိုင်းဖို့နဲ့ အစည်းအဝေးရွှေ့ဆိုင်းပေးဖို့ အပစ်ရပ်အဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးတွေကို တစ်နှစ် ၂ ကြိမ် ကျင်းပဖို့ သဘောတူထားပြီး ပထမအကြိမ် အကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ အတွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။