၂၁ ပင်လုံကို မြောက်ပိုင်းအဖွဲ့တွေ တက်မည်
2018.07.04
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်မယ် လို့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ က ဒီနေ့ ပြောပါတယ်။
တရုတ်သံရုံးကနေတစ်ဆင့် ဖိတ်ကြားတာဖြစ်ပြီး ဖိတ်စာတွေလည်း ရောက်နေပြီလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် PSLF/TNLA တအာင်းပလောင်လွတ်မြောက်ရေးတပ်ဦး သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
"FPNCC အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားတယ်၊ ကျနော်တို့ရဲ့ သဘောထားကလည်း FPNCC အဖွဲ့အားလုံးကို ဖိတ်ကြားရင် တက်မယ်ပေါ့၊ အားလုံးပါတဲ့အတွက် ကျနော်တို့တက်မယ်"
နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မြောက်ပိုင်းအဖဲ့ွ ၇ ဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အခြေအနေကို ပြောပါတယ်။
အဲဒီ ၇ ဖွဲ့ဟာ ညီလာခံမှာ ဝင်ရောက်ဆွေးနွေးခွင့်မရှိပေမယ့် အစုအဖွဲ့အလိုက် အစည်းအဝေးမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့က သဘောတူရင် ဝင်ရောက်ဆွေးနွေးနိုင်တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် ၇ အဖွဲ့က FPNCC ဆိုတဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှုကော်မတီကိုဖွဲ့ စည်းထားပြီး အစိုးရက ကော်မတီအနေနဲ့ ဖိတ်ကြားမယ်ဆိုရင် တက်ရောက်မယ်လို့ မူ တစ်ရပ်အနေနဲ့ ချမှတ်ထားတာဖြစ်ပါတယ်။
အခုဆိုရင် အဖွဲ့ ၇ ဖွဲ့စလုံးကို ဖိတ်ကြားတာဖြစ်တဲ့အတွက် တက်ရောက်မယ့် ကိုယ်စားလှယ်တွေ ရွေးချယ်တာ၊ ပါဝင် ဆွေးနွေးရမယ့် ကဏ္ဍတွေနဲ့ပတ်သက်ပြီး အဖွဲ့အားလုံးနဲ့ တိုင်ပင်ညှိနှိုင်းနေတယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံအစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပမယ်လို့ အစိုးရက ကြေညာထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်-မြန်မာနယ်စပ် အခြေစိုက် UWSA ဝ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က ဦးဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မိုင်းလား NDAA ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၊ ကိုးကန့် MNDAA၊ ရခိုင့် တပ်မတော် AA တို့ ပါဝင်ပါတယ်။