သုံးခွမြို့ NLD ရပ်ကျေးဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးဟောင်း မိသားစု အဖမ်းခံရ

2021.09.15
သုံးခွမြို့ NLD ရပ်ကျေးဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးဟောင်း မိသားစု အဖမ်းခံရ သုံးခွမြို့ကို Google Earth မှတွေ့ရစဉ်
Photo: Google Earth

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်ထဲက ဘုရားကြီးကျေးရွာမှာ စက်တင်ဘာ ၁၄ ရက် မနေ့ ညပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်ဌေးဝင်းနဲ့ မိသားစုတွေအပြင် ဘုရားကြီးကျေးရွာ NLD ဥက္ကဋ္ဌ ဦးလှစိုးနဲ့ ပါတီဝင် အချို့ကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းသွားတယ်လို့ သုံးခွဒေသခံတွေကပြောပါတယ်။

အဖမ်းခံရသူ ၁၀ ဦးနီးပါးရှိပြီး အဲဒီအထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ဘုရားကြီးကျေးရွာရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံရထားရသူတွေ ပါဝင်သလို တပ်မတော်အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခံထားရသူတွေပါ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ည ၇ နာရီ ပတ်ဝန်းကျင်လောက် မီးဖြတ်ပြီးတော့ ဘုရားကြီးကိုဝင်သွားတယ်ကြားတယ်၊ အဲ့ဒီက အရင် NLD လက်ထက်အုပ်ချုပ်ရေးမှူးပေါ့ ဒေါ်ဌေးဝင်းပေါ့နော်၊ သူနဲ့သူ့မိသားစုက ၅၀၅ (က) နဲ့ အထုတ်ခံထားရတာပေါ့၊ အဲ့တာဝင်ပြီးတော့ ခေါ်သွားတယ်၊ NLD ရဲ့ရပ်ရွာဥက္ကဌလည်းပါတယ်” လို့ သုံးခွမြို့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဦးလှစိုးနဲ့ ဒေါ်ဌေးဝင်းတို့ဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အခြားနေရာတွေမှာ ရှောင်တိမ်းနေ ကြတာဖြစ်ပြီး ဘုရားကြီးကျေးရွာနေအိမ်ကို ပြန်လာတာ မကြာသေးခင်မှာပဲ အဖမ်းခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာတော့ အဖမ်းခံထားရသူတွေကို အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ ကြားရကြောင်း မိသားစုနဲ့နီးစပ်တဲ့ သုံးခွဒေသခံကဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။