တိုက်ပွဲကြောင့် ပလက်ဝဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
2020.03.16
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ ၁၀၀၀ ကျော်ဟာ ဒီကနေ့ မတ် ၁၆ ရက်မနက်မှာ ထွက်ပြေးနေကြရပါတယ်။
ပလက်ဝမြို့နယ် ဝက်မ၊ ဖား၀ နဲ့ ပျံ၀ ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် ရွာမှာ မနေရဲတော့ဘဲ မိုင် ၂၀ ကျော်လောက်ဝေးတဲ့ ဆမီးမြို့ပေါ်ကို ကုန်းလမ်း၊ ရေလမ်းအဆင့်ဆင့်နဲ့ ထွက်ပြေးခဲ့ကြတာပါ။
ကုန်းလမ်းက မသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို စက်လှေငယ်တွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောပါတယ်။
“မနေ့ကရွာထဲမှာ လက်နက်ကျည်ဆံတွေ ထိမှန်လို့ အဲဒီဝန်းကျင်မှာရှိတဲ့ သူတွေက မနေနိုင်တော့ဘူးလေ။ ကြောက်နေပြီလေ။ အဲဒါနဲ့အခုက အဲဒီဝန်းကျင်မှာရှိတဲ့ ရွာတွေ တော်တော်များများက ဘာမှမဖြစ်တဲ့ လုံခြုံတဲ့နေရာတွေမှာ ပြောင်းရွှေ့ကြတာပေါ့နော်။”
ဒီဒုက္ခသည်တွေကို ထောက်ပံ့နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ဆီ ဖုန်းနဲ့အကူအညီ တောင်းထားတယ်လို့လည်း ဆိုပါတယ်။
ဆမီးမြို့ပေါ် အလယ်တန်းကျောင်းမှာ စစ်ဘေးဒုက္ခသည်တွေအတွက် နေရာပြင်ဆင်ထားတာပါ။
စားနပ်ရိက္ခာနဲ့ တခြားလိုအပ်တာတွေ အမြန်ဆုံးကူညီပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့ က ပြောပါတယ်။
“ကျွန်တော်တို့ အစိုးရလွှတ်တော်ပိုင်းအနေနဲ့ အစားအသောက်ရော လိုအပ်တာတွေကို အမြန်ဆုံး အကူအညီပေးနိုင်ဖို့ အခုအစီအစဉ်ဆွဲနေတုန်းပဲ။ ဒေသခံတွေကို ဆမီးမြို့ကို ရွှေ့လာကြတယ်။”
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ နယ်မြေထိစပ်နေတဲ့ ပလက်ဝမြို့နယ်ဟာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော် တို့ရဲ့ တိုက်ပွဲပြင်းထန်တဲ့ဧရိယာ ဖြစ်နေပါတယ်။
တိုက်ပွဲတွေကြောင့် အလုပ်အကိုင် အခက်အခဲ၊ ငွေကြေးအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ပလက်ဝမြို့ခံ ဦးကျော်ဝင်း က ပြောပါတယ်။
“ကျွန်တော်တို့မှာ အလုပ်အကိုင်တွေ မရှိတော့ ငွေရေးကြေးရေးမရတော့ဘူး။ ပလက်ဝနယ်ဘက်မှာ ကျွန်တော်တို့က အလုပ်သမားတွေဆိုတော့ အငှားလိုက်တယ်။ အခုက လမ်းပန်းဆက်သွယ်ရေးလည်း ပိတ်တယ်ဆိုတော့ ကျွန်တော်တို့မှာ အလုပ်လုပ်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ အိမ်မှာပဲနေရတယ်။ တောထဲလည်းထွက်လို့မရတဲ့ အခြေအနေဖြစ်တယ်။ အဲတော့ ငွေရလမ်း လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့ထမင်းပဲ စားနေရတယ်။ ဟင်းတွေက ဝယ်တဲ့အခါ ပလက်ဝဘက်မှာ ဝယ်ရတာဆိုတော့ ပလက်ဝဘက်မှာ ဝယ်ဖို့ ပိုက်ဆံတွေ မရှိဘူးဆိုတဲ့အခါတော့ တောတောင်ထဲမှာပဲရှာကြတယ်။ ရှာလို့မရတဲ့ အခါကျတော့ အခက်အခဲတွေ တအားရှိတယ်။”
ပြီးခဲ့တဲ့မတ် ၁၄ ရက်ကနေ ဒီနေ့ မတ် ၁၆ရက်မနက်အထိ ရထားတဲ့စာရင်းတွေအရ သုံးရက်အတွင်း ပလက်ဝမြို့နယ် ဝက်မရွာ၊ မိတ်စာ ၂ နဲ့ မိတ်စာ ၃ ရွာတွေက စုစုပေါင်း ၂၁ ယောက် သေဆုံးခဲ့ပြီး ၂၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရထားတဲ့သူတွေကိုတော့ ဒီကနေ့မနက်မှာပဲ မတူပီ ဆေးရုံကိုပို့ဆောင်ထားပါတယ်။
ဒဏ်ရာပြင်းထန်သူတွေထဲမှာ သေဆုံးတာတွေ ရှိနေတာကြောင့် သေဆုံးသူစာရင်း တိုးလာနေတုန်းပါ။
ဒီရက်ပိုင်းအတွင်း ပလက်ဝနဲ့ ကျောက်တော်အစပ် မီးဝတံတားထိပ်က ဗျူဟာကုန်းအနီးနဲ့ ပြိုင်းတိုင်း ၊ ကျောက်တန်း၊ မုန့်သိုင်းပြင်ရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။
ဒုက္ခသည်တစ်ထောင်ကျော် ထွက်ပြေးရတဲ့ ဝက်မ၊ ဖား၀ နဲ့ ပျံ၀ ရွာတွေမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ခိုင်သုခ က ပြောပါတယ်။
“ရွာသားတွေကို ရွာတွေကထွက်ပြေးအောင် ရွာတွေကိုလေယာဉ်နဲ့ ပစ်ခတ်တာက တပ်မတော်မှာ အခြားရည်ရွယ်ချက်တွေ ရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။ အထူးသဖြင့် ရွာသားတွေရှိနေရင် ရက္ခိုင့်တပ်တော်က ရိက္ခာရနေတယ်လို့ သူတို့ကယူဆနေပုံရတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ မြေလှန်စနစ်ကို ကျင့်သုံးနေတာလို့ သုံးသပ်ရတယ်။”
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
တိုက်ပွဲပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး ဖုန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။ ပလက်ဝမြို့က ဒေသခံတွေနဲ့ ဖုန်းလိုင်းအဆက်အသွယ် မရဘူးလို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့ က ပြောပါတယ်။ ဖုန်းလိုင်းပြတ်တောက်ရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။
တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ် ကိုးခုမှာ အစိုးရက အင်တာနက် ဖြတ်တောက်ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာပါ။ လုံခြုံရေးအရ အင်တာနက် ဖြတ်တောက်တာလို့ အစိုးရကပြောထားပေမယ့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေကြားမှာ ဒေသခံတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု တစ်ရက်ထက်တစ်ရက် ပိုများလာနေတယ်လို့ ဝေဖန်နေကြပါတယ်။