ဖားကန့် NLD ဥက္ကဌ ခြိမ်းခြောက်ခံရ
2016.07.13
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းအနီးက ဆိပ်မူကျေးရွာအုပ်စု NLD ပါတီဥက္ကဌ ဦးရွှေသိန်းကို အမည်မသိ သူတချို့ရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်နေ တယ်လို့ ကာယကံရှင် ဦးရွှေသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး သုံးကြိမ် တိုင်တိုင် ခြိမ်းခြောက်ခံနေရတာလို့ ဦးရွှေသိန်းက ပြောပါတယ်။
"၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ ဆိပ်မူကျေးရွာအုပ်စုက NLD ပါတီတာဝန်ခံ ဦးညွှန့်ဝေ ဆီကို ရောက်လာ တာပေါ့၊ ဦးရွှေသိန်းကို သိပါသလားပေါ့၊ စန်းရွှင်ကိစ္စ ဝင်မပါပါနဲ့ လက်ရှောင်နေပါ၊ အဲ့ဒါကိုနားမထောင်ဘူးဆိုရင် သူ့အသက်အန္တရာယ်ရှိတယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့နော်၊ ည ၁ဝ နာရီမှာ အသက် ၂၅ ဝန်းကျင် ယောကျ်ားလေး ၂ ယောက် ရောက်လာပြီး တခါပြန်ခြိမ်းခြောက်တယ်၊ ၇ ရက်နေ့မှာ ဖုန်းနဲ့ပြန်ပြီး ခြိမ်းခြောက်တယ်၊ ဦးရွှေသိန်းကို ပြောပြီးပြီလား ပြောဖြစ်အောင်ပြောပါ၊ သတင်းပေါက်ကြားရင် အန္တရာယ်ဖြစ်နိုင် တယ်ဆိုပြီး သုံးကြိမ် သုံးခါခြိမ်းခြောက်တယ်"
ခြိမ်းခြောက်တဲ့သူတွေဟာ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေကလဲဆိုတာမသိရသေးကြောင်း ဖားကန့်မြို့နယ် တရားရုံးကိုတော့ ရာဇဝတ်မှုဥပဒေ ပုဒ်မ ၂၀၂ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ NLD ပါတီဝင်တွေအနေနဲ့ ကုမ္ပဏီတွေက မြေစာဖို့တဲ့ကိစ္စ၊ ယမ်းဖောက်ခွဲ တဲ့ကိစ္စတွေကြောင့် ဒေသခံတွေ ဒုက္ခခံစားရတာတွေကို လိုက်လံဖြေရှင်းပေးတာ၊ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ စန်းရွှင်ကွင်းဆိုတဲ့ရွာကို ရွာအဖြစ်တရားဝင် အသိမှတ်ပြုခံရဖို့ ဆောင်ရွက်ပေးနေတာတွေရှိခဲ့တယ်လို့လည်း ပြော ပါတယ်။
ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ မေလအတွင်းက ဆိပ်မူကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားခဲ့သလို ပစ်သတ်ခံရတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ မကြာခဏ တွေ့ရှိနေ ရတဲ့အတွက် တရားဥပဒေစိုးမိုးရေး အထူးလိုအပ်နေတယ်လို့လည်း ပြောပါတယ်။