လူငယ်နှစ်ဦး ခြိမ်းခြောက်ရိုက်နှက်ခံရတာကို အရေးယူပေးဖို့ ပြော
2018.08.04

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်း နယ်ခြားစောင့် ရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်နှစ်ဦးဟာ ဒေသခံ လူငယ်နှစ်ဦးကို ခြိမ်းခြောက်ရိုက်နှက်ပြီး ငွေကျပ် လေးသိန်း ရယူသွားတာကို အရေးယူပေးဖို့ ကာယကံရှင် လူငယ်နှစ်ဦးက ပြောပါတယ်။
သမ္မတအပါအဝင် နိုင်ငံတော် အကြီးအကဲတွေကို တိုင်ကြားထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ရိုက်နှက်ခံရတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇော က ပြောပါတယ်။
"ညနေ ၄ နာရီကနေ ချုပ်ထားတာ ၉ နာရီဆိုတော့ ညဉ့်နက်လာတယ်။ သူတို့ကလည်း အရက်မူးလာတယ်။ အဲလိုဖြစ်ပြီးတော့ မထူးတော့ဘူးဆိုပြီးတော့ ကိုယ့်မှာပါတာလေးကို ပေးမလို့ ကျနော်က ကျနော့်မှာ ပိုက်ဆံ လေးသိန်းပဲပါတော့တယ်။ ဒီဟာနဲ့မရဘူးဆိုရင်လည်း ကျနော်တို့ကို ကြိုက်သလို လုပ်လိုက်တော့ဆိုပြီးတော့ အဲလိုပြောတယ်။ အဲလိုဆိုရင်တော့ အဆင်ပြေမှာပါ။ ငါဗိုလ်ကြီးနဲ့ ညှိကြည့်လိုက်မယ်လို့ပြောတယ် တပည့်နှစ်ယောက်က။ ပြီးတော့ ကျနော်တို့ကို ခြောက်ပေါက်ထုတ်တယ်။ ထုတ်ပြီးတော့ ကျနော့် ကျောကိုတစ်ချက်ရိုက်တယ် အဲဒီဗိုလ်ကြီးက။ ပြီးရင် သူတို့အဲဒီပိုက်ဆံကို ဝေကြတယ်"
အဲဒီလူငယ်နှစ်ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့က ပန်းဖော်ပြင်၊ ဆင်အိုး၊ အောင်သာယာ၊ ညောင်ပင်လှ ကျေးရွာ တွေကနေ နွားအကောင် ၂၀ ဝယ်ယူပြီး သူတို့နေထိုင်တဲ့ ကုန်တန်းနဲ့ အငူမော်ကျေးရွာကို ပြန်လာစဉ် လောင်း ချောင်းကျေးရွာအရောက်မှာ စခန်းမှူး ဒုရဲအုပ် အောင်ကိုဝင်းက အရပ်ဝတ်နဲ့ ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦးကလည်း သေနတ်ကိုမောင်းတင်ပြီး နွားတွေကို ရဲစခန်းဝင်းထဲကို မောင်းသွင်းခိုင်းသလို ဆက်ကြေးပေးဖို့ သေနတ်ပြခြိမ်းခြောက်ခဲ့တယ်လို့ ကိုကျော်ဇောက ပြောပါတယ်။
နွားဝယ်လာတဲ့ လူငယ်နှစ်ဦးဟာ လောင်းချောင်းရဲစခန်းမှာ အချိန် ၅ နာရီလောက်ကြာအောင်အထိ ခြောက်ပေါက်ထိပ်တုံးခတ် ထိန်းသိမ်းခံခဲ့ရပြီး ငွေကျပ် လေးသိန်းကို ပေးအပ်ပြီးမှ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးချိန်မှာတော့ ရဲစခန်းဝင်းထဲမှာ ထိန်းသိမ်းထားတဲ့ နွားအကောင် ၂၀ ထဲက နွားတစ်ကောင် ပျောက်ဆုံးသွားရာမှာ စခန်းမှူးက သူတို့မယူဘူးလို့ပြောပြီး လူငယ်နှစ်ဦးကို ရိုက်နှက်မောင်းထုတ်လိုက်တယ် လို့လည်း လူငယ်နှစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနွားတွေကို သူတို့ကျေးရွာတွေမှာ မွေးမြူလိုသူတွေနဲ့ လယ်ယာလုပ်ငန်းမှာ အသုံးပြုလိုသူတွေကို တစ်ဆင့် ပြန်လည်ရောင်းချဖို့ ဝယ်ယူလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လောင်းချောင်းနယ်ခြားစောင့်ရဲစခန်းမှူး ဒုရဲအုပ် အောင်ကိုဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲဒီလူငယ်နှစ်ဦးရဲ့ ပြောဆိုမှုတွေကို ငြင်းဆိုပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုချက်တွေသာဖြစ်တယ်လို့ ပြောပါတယ်။