ကလေးမြို့ မှန်တောရွာသားသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မှန်တောရွာမှာ တိုက်ပွဲတွေကြောင့် တောထဲမှာ ထွက်ပြေး ပုန်းရှောင်နေရတဲ့ မှန်တောရွာသားသုံးဦးဟာ ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ဖမ်းဆီးတာခံရပြီးနောက် အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာမှာ ဆန်သွားယူပြီးအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရပြီး နောက်နေ့ မှန်တောရွာထိပ်မှာ သူတို့ရဲ့အလောင်းတွေ တွေ့ရတာလို့ မှန်တောရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ သုံးယောက်က တောထဲမှာ စားဖို့၊ သောက်ဖို့ ကုန်နေလို့ ရွာထဲကို ဆန်တွေ၊ ဘာတွေ စားဖို့သွားယူတာ။ ဂန့်ဂေါကနေလာတဲ့ စစ်ကားတွေနဲ့ တိုးမိလို့ စစ်သားတွေက ဖမ်းဆီးထားပြီးတော့ နောက်နေ့ ရွာထိပ်မှာ ဒဏ်ရာတွေနဲ့ ရုပ်အလောင်းတွေ တွေ့ရတော့တာ"
အသက် (၁၉) နှစ်အရွယ် Salai Ni Dun Sang၊ အသက် (၂၉) နှစ်အရွယ် Pa Thang Bik နဲ့ အသက် (၃၁) နှစ်အရွယ် Pa Lian Thio တို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့သုံးဦး အသတ်ခံရတဲ့ဖြစ်စဉ်ကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မှန်တောရွာဟာ ကလေးမြို့ကနေ ၃၅ မိုင်ခန့်ဝေးပြီး ကလေး-ဂန့်ဂေါ ကားလမ်းမကြီး ဘေးနားက ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာနေလို့ မှန်တောရွာသား တွေဟာ ရွာကနေ တောထဲ လုံခြုံတဲ့နေရာမှာ တိမ်းရှောင်နေကြတာ နှစ်လခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက မှန်တောရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မကြာမကြာတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့ရွာ ဖြစ်ပါတယ်။