ပြည်သူ့ရှေ့ဆောင်ပါတီ အမတ်လောင်း သုံးဦး သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ပယ်ချခံရ
2020.08.19

ပြည်သူ့ရှေ့ဆောင်ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ လျှောက်ထားသူ ၂၃၉ ယောက်ထဲက သုံးယောက်ဟာ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ချခံလိုက်ရပါတယ်။
ပယ်ချခံထားရသူတွေက တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) ကနေ လျှောက်ထားတဲ့ ဦးကျော်ကျော်ဦး၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ လျှောက်ထားတဲ့ ဒေါ်အေးအေးပြုံး နဲ့ ကရင်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ကနေ လျှောက်ထားတဲ့ ခွန်ဝင်းနောင်တို့ ဖြစ်တယ်လို့ ပါတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်မြင့်ဝင်းက ပြောပါတယ်။
ဦးကျော်ကျော်ဦးနဲ့ ဒေါ်အေးအေးပြုံးတို့ရဲ့ မိဘဖြစ်သူတွေဟာ နိုင်ငံသား ဖြစ်မှု၊ မဖြစ်မှု ဥပဒေနဲ့ ငြိစွန်းနေတဲ့အတွက် ပယ်ချခံရတာဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောပါတယ်။
ခွန်ဝင်းနောင်ကတော့ အရင်က တခြားပါတီတစ်ခုရဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်မရသေးတာကြောင့် ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀(င) အရ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးတဲ့ မိဘ တစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားတဲ့ နိုင်ငံသားဟာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
၇ ရက်အတွင်း အယူခံ ဝင်သွားဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်း ၂၃၉ ယောက် လျှောက်လွှာတင်ခဲ့တာပါ။ ဒီအထဲက သုံးဦးပယ်ချခံရပြီး နှစ်ဦးကတော့ ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ ရုပ်သိမ်းထားပါတယ်။
အလားတူ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP က တစ်ယောက်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက လေးယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ယောက်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ က တစ်ယောက်တို့လည်း ကိုယ်စားလှယ်လောင်း သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ ပယ်ချခံထားရတာတွေ ရှိပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲအတွက် ပါတီပေါင်း ၉၀ ကျော်က လျှောက်ထားတဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေကို သြဂုတ် ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်က စိစစ်ခဲ့တာဖြစ်ပါတယ်။