ကလေး PDF ကို စစ်တပ်က လက်နက်ကြီးနဲ့ အင်အားသုံး ချေမှုန်းတာကြောင့် အရပ်သားသုံးဦး သေဆုံး

နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း နတ်ချောင်းနဲ့ နတ်မြောင်း ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး၊ နောက်ထပ် ငါးဦး အဖမ်းခံ ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် လက်နက်မဲ့ သပိတ်တွေနဲ့ လက်နက်ကိုင် ပြောက်ကျားတိုက်ပွဲတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ကျေးရွာတွေမှာ နိုဝင်ဘာ ၂ ရက် မနေ့ နေ့လယ်ပိုင်း ကတည်းက စစ်တပ်နဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ စတင်ခဲ့တာလို့လည်း ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ကလေးမြို့ တောင်ပိုင်းက နတ်ချောင်းကျေးရွာထဲကို စစ်တပ်က စစ်ကြောင်းနှစ်ခုခွဲ ဝင်လာပြီး PDF တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့သလို နတ်ချောင်းကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ လှမ်းပစ် တာကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
"နတ်ချောင်းတောင်ဘက်ကနေ စကစတပ်တွေက နတ်ချောင်းဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ နတ်ချောင်း အောက်သားတိုက်ဆိုတဲ့ ရပ်ကွက်ထဲကို ကျပြီးတော့မှ အဲဒီအိမ်က ဦးမောင်ရီဆိုတဲ့ အမျိုးသားတစ်ယောက် ကို လက်နက်ကြီး ထိမှန်ပြီးတော့မှ သေသွားတယ်ပေါ့နော်။ သေသွားတဲ့သူကို သွားပြီးတော့မှ ကယ်ဖို့ သွားတဲ့ လူငယ်လေး နှစ်ယောက်ကလည်း ကားနားမှာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသွားတယ်။ ဟိုဘက်ကတော့ ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မနက်ပိုင်းက လုပ်ကြတယ်။ နတ်ချောင်း မြောက်ဘက်ကနေလည်း လာပြီးတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်။ ပြည်သူဘက် က PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး ရွာကို ထိမှာစိုးလို့ PDF က ဆုတ်ခွာသွားတယ်ပေါ့နော်"
ကလေး PDF တွေ ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ နတ်ချောင်းကျေးရွာရဲ့ မြောက်ဘက်ကို လက်နက်ကြီး ကျည် ထပ်မံကျရောက် ပေါက်ကွဲတဲ့အတွက် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။ ဒါပေမဲ့ နောက်ထပ် သေဆုံးသူ နှစ်ဦးရဲ့ အမည်နဲ့ အသက်အရွယ်ကို အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ နတ်ချောင်းရွာထဲကို နေ့လယ်ပိုင်းမှာ ဝင်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့သလို လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ ဦးကြည် ဆိုသူရဲ့ ဆီဆိုင်ထဲက စက်သုံးဆီ၊ ဘက်ထရီ အိုး၊ ဆိုလာပြားတွေနဲ့ တီဗွီတွေပါမကျန် ယူသွားပြီးတဲ့နောက် ရွာသား ငါးဦးကို ဖမ်းဆီးသွားတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်တာဟာ PDF တွေက စစ်တပ်ရဲ့ စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ များလာ တာကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးဆောင်ရွက်ရတာလို့ စစ်ကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"လက်နက်ကြီး သုံးတယ်ဆိုတာလည်း အသံကြားတာနဲ့ လက်နက်ကြီးသုံးတယ်ဆိုတာကတော့ အမြဲတန်း စွပ်စွဲနေတာပဲ ဖြစ်တယ်။ လိုအပ်တဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေကတော့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ခုနက ပြောသလို အဓိကကတော့ လမ်းတံတားတွေကို နောက်ပိုင်းမှာ မိုင်းထောင်မိုင်းခွဲ ဖျက်ဆီးတာ ပိုများလာတာ တွေ့ရတယ်။ ခုနက ပြောသလို ကျနော်တို့ ဖြစ်ခဲ့တဲ့ ထန်တလန်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ လည်း ဟားခါးနဲ့ ထန်တလန်ကြားမှာ မြစ်ကူးတံတားကို ဗုံးခွဲတိုက်ခိုက်ခဲ့တာတွေဖြစ်ပြီး နောက်ပိုင်းမှာ ဒီဖြစ်စဉ်တွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်"
ကလေးမြို့နယ် PDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ မှန်ကန်ပြီး၊ ဒီကနေ့ နေ့လယ်ပိုင်းအထိ ကလေးမြို့တောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေဆဲလို့ ပြောပါတယ်။
ကလေး PDF က အခုတိုက်ပွဲ ဖြစ်ပွားနေတဲ့ ကလေးမြို့တောင်ပိုင်းနဲ့ အနီးဆုံးဖြစ်တဲ့ ကလေး - ဂန့်ဂေါ ကားလမ်း ကို အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ပြည်သူတွေ ခရီးမသွားကြဖို့ ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။
ဂန့်ဂေါ-ကလေး ကားလမ်းဟာ အရှည် ၈၉ မိုင် ရှိပြီး ကလေးဒေသကို ထောက်ပံ့ရေး စေလွှတ်တဲ့ စစ်ကားတွေ ကို PDF တွေက လမ်းမပေါ်မှာ မိုင်းထောင်ပြီး တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး သိပ်မကြာခင် ဖြစ်ပေါ်လာတဲ့ သပိတ်ကာလတွေတုန်းက စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းသပိတ်ဟာ လုံခြုံရေးတပ်တွေကို အင်နဲ့အားနဲ့ ကာလကြာရှည် ခုခံခဲ့သလို ကလေးမြို့ဟာ စစ်အာဏာသိမ်းမှုကို တူမီးသေနတ်စွဲကိုင်ပြီး ပထမဆုံး ခုခံခဲ့တဲ့မြို့ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် စစ်တပ်က ကလေးမြို့ကို အင်အားသုံး ချေမှုန်းဖို့ ကြိုးစားနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးမြို့က လက်နက်ကိုင်တော်လှန်ရေးကို ပထမဆုံး စခဲ့တဲ့မြို့။ တူမီးတွေနဲ့ စတင်တော်လှန်တဲ့မြို့။ မြန်မာနိုင်ငံမှာ ပထမဆုံးမြို့ ဖြစ်ခဲ့တယ်ပေါ့။ တိုက်ပွဲတိုင်း တော်တော်များများမှာက ပြည်သူဘက်က PDF တွေဘက်က ထိတာလည်း ရှိတော့ ရှိတယ်။ သေတာလည်း ရှိတော့ရှိတယ်။ အနည်းအကျင်းပဲ။ တပ်ဘက် က အကျအဆုံးတွေက အရမ်းများတယ်။ ဖြစ်လိုက်တိုင်း တပ်ဘက်က သေတာတွေများတော့ အဲဒါကို မကျေနပ်တဲ့ ပုံစံရှိတယ်ပေါ့နော်"
ကလေးမြို့မှာ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒစက-ကလေး) အခြေစိုက်ထားပြီး ခလရ (၈၇)၊ ခလရ (၈၉)၊ ခလရ (၂၂၈) နဲ့ စကခ (၁၀) ရဲ့ လက်အောက်ခံ တပ်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့အဝင်အထွက်ကို စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး အစစ်အဆေးလည်း အလွန်ထူထပ်ကြောင်း၊ မြို့ထဲကို PDF တွေ အရပ်သား အယောင်ဆောင်ပြီး ဝင်လာမှာကို စိုးရိမ်လို့ အခုလို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မနေ့ကလည်း ကလေးမြို့တောင်ပိုင်း ချောင်းဂွကျေးရွာထဲကို လက်နက်ကြီးကျည်တချို့ ကျရောက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ကြောင်း၊ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်တပ်က ရွာထဲကိုဝင်ပြီး နေအိမ်တချို့ကို မီးဝင်ရှို့ နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ် လက်ချက်နဲ့ သေဆုံးခဲ့ရသူ ကလေးဒေသခံ ၄၀ နီးပါး ရှိလာပြီး အဖမ်းခံထားသူလည်း ၁၀၀ ကျော် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။