ကျောက်တော်မှာ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရ
2020.06.22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးမှာ မနေ့က တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရတာကို အကြောင်းပြုလို့ အဲဒီစစ်ကြောင်းက ပြန်လည်ပစ်ခတ်ရာမှာ အပေါက်ဝရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်လို့ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တပ်မတော်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိဘူးလို့ ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်မှုတွေ တိုးလာနေပြီး မနေ့ကဆိုရင် ကျောက်တော်မြို့နယ်မှာ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
မနေ့က မနက်ပိုင်းမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရဲ့ အနောက်ဘက်က ရွာနဲ့ကပ်လျက်မှာရှိတဲ့ ရထားလမ်းအနီးမှာ တပ်မတော်စစ်ကြောင်းတစ်ခုကို AA ရက္ခိုင့်တပ်တော်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အပေါက်ဝကျေးရွာက အသက် ၃၀ ခန့်အရွယ် မွတ်ဆလင်အမျိုးသမီး ဒေါ်ဆာမူတာဟာတု နဲ့ ရခိုင်တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ အသက် ၅၁ နှစ်အရွယ် ဦးအေးကျော်၊ အသက် ၆၂ နှစ်အရွယ် ဒေါ်အေးခင်နုတို့ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြပါတယ်။
အဲဒီအထဲက ဒေါ်ဆာမူတာဟာတုဟာ ပစ်ခတ်သံကြောင့် အိမ်ထဲပြေးဝင်လာစဉ် ထိခိုက်ဒဏ်ရာရတာလို့ မွတ်ဆလင်လူကြီးတစ်ဦးဖြစ်တဲ့ ဦးကော်ရီမူလာက RFA ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်နေတုန်း သူဟာ လမ်းကနေ အိမ်ထဲဝင်လာပါတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးက မြစ်ကမ်းနားမှာကျပါတယ်။ အဲဒီအိမ်က မြစ်နဲ့ကပ်လျက်ပါ။ အဲဒီလက်နက်ကြီးကနေ အစတွေ လာမှန်တာပါ။ ဒူးအောက်က ခြေတစ်ဘက်မှာ အသားစတွေပဲ့ထွက်သွားပါတယ်။ အဲဒီကို ကျွန်တော်တို့က ဆေးဝါးတွေ ဘာတွေ ကုပေးလို့ အခုက အခြေအနေကောင်းပါတယ်။ ဘယ်သူကပစ်တာလဲဆိုတာကို ကျွန်တော်တို့မသိပါ။ နှစ်ဘက်စလုံးက ပစ်တာကြောင့် ဘယ်သူ့ကျည်ဆိုတာကို မသိနိုင်ပါဘူး”
ဒဏ်ရာရသူတွေထဲက အသက် ၆၂ နှစ်အရွယ် ဒေါ်အေးခင်နုဟာ ဆွံ့အနားမကြားသူဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန် အိမ်ပေါ်မှာရှိနေရာကနေ ခြေထောက်ဒူးဆစ်အနီးမှာ ကျည်ထိမှန်ခဲ့တာပါ။
ဒေါ်အေးခင်နုနဲ့ ဦးအေးကျော်တို့ရဲ့ဒဏ်ရာတွေဟာ အနည်းငယ် ပြင်းထန်တဲ့အတွက် မနေ့က စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်လိုက်ရပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက AA အဖွဲ့က ရွာကိုကျောပေးပြီး တိုက်ခိုက်တာကြောင့် ရွာဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းက ပြန်လည်ပစ်ခတ်ရာမှာ ကျေးရွာထဲကို လက်နက်ကျည်တွေ ကျရောက်လာခဲ့တာလို့ပြောပါတယ်။
“စစ်သားတွေက လယ်ကွင်းထဲကဖြတ်လာတယ်။ အဲဒီအချိန်မှာ AA တပ်ဖွဲ့က ရထားလမ်းမှာရှိပါတယ်။ အပြန်အလှန် ပစ်ခတ်ကြတယ်လို့ကြားတယ်။ ကျွန်တော်လည်း ထွက်မကြည့်ရဲဘူး။ အသံတော့ကြားပါတယ်။ သို့သော် AAက စပစ်တာလား၊ တပ်က စပစ်တာလားဆိုတာကို ကျွန်တော်လည်းမသိပါဘူး။ ပထမ ပေါက်ကွဲသံကြားတာနဲ့ ကျွန်တော်က အိမ်ထဲကိုဝင်ပြီးတော့ ပုန်းနေရတယ်။ AAက ရွာကို ကျောပေးပြီးတော့ ပစ်တယ်။ တပ်ဘက်က ရွာဘက်ကို ပစ်တယ်ဆိုတော့ ရွာကိုထိတဲ့ကျည်ဆန်ဟာ တပ်မတော်ကပစ်တာ လို့ပဲ ကျွန်တော်တို့ထင်တယ်။ AA တပ်မတော်ဘက်က ပစ်တယ်ဆိုရင် ရွာကိုရောက်မှာမဟုတ်ဘူး။ လယ်ကွင်းပြင်ကိုပဲရောက်မှာ”
ကျေးရွာတွေအနီးမှာ တိုက်ခိုက်ရင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေသာ အထိနာတာကြောင့် အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) အဖွဲ့အနေနဲ့ ကျေးရွာတွေအနီးမှာ တိုက်ခိုက်တာတွေ မလုပ်ကြဖို့ကိုလည်း ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ မနေ့က အပေါက်ဝရွာအနီးမှာ တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရတာမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ဖြေကြားပါတယ်။
မနေ့ကဖြစ်စဉ်အပြင် AAအဖွဲ့ဟာ ရွာအနီးမှာ ကျေးရွာကို ကျောပေးပြီးတော့ တိုက်ခိုက်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီကိစ္စနဲ့ပတ်သက်ပြီး သူမသိရသေးကြောင်း တပ်မတော်က အပေါက်ဝကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ အတော်ကြာမြင့်နေပြီဖြစ်ကြောင်း ကျေးရွာတွေကို ခုလိုပစ်ခတ်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာ ဖြစ်တယ်လို့ ပြောပါတယ်။
အပေါက်ဝကျေးရွာအနီးမှာ တပ်မတော်က စခန်းချထားပြီး ဒီနေ့မနက်ကလည်း အပေါက်ကျေးရွာရဲ့ အရှေ့ဘက် ကုလားတန်မြစ်တစ်ဘက်ကမ်းမှာ ပစ်ခတ်သံတွေကို အတော်များများကြားရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား အရေအတွက်ကလည်း တစ်နေ့တခြား တိုးလာနေတာပါ။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေ မှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၀ နဲ့ ထိခိုက် ဒဏ်ရာရတဲ့ အရပ်သား ၅၆၆ ဦးအထိ ရှိခဲ့ရာကနေ မနေ့က သုံးဦးထပ်တိုးလာလို့ ထိခိုက်ဒဏ်ရာရသူဟာ ၅၆၉ ဦးအထိ ရှိလာပါတယ်။