ကျိုက်ထီးရိုးတောင်ခြေတိုက်ပွဲ အရပ်သား သုံးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော် တောင်ခြေက စစ်ကောင်စီဂိတ်မှာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံတပ် တပ်စွဲထားတဲ့ ကင်မွန်းချောင်းရွာ၊ ကျိုက်ထီးရိုးတောင်ခြေက ဂိတ်ကို အရပ်ဝတ်နဲ့ အမည်မသိအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီတိုက်ပွဲကြားမှာ အရပ်သား သုံးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"အခုလောလောဆယ် အကုန်လုံး ဆေးရုံမှာပါ။ ရုပ်အလောင်း Dead Bodies ကတော့ သုံးဦးဖြစ်ပါတယ်။ လောလောဆယ် ကျနော်တို့က အဲဒီနား ကပ်လို့မရသေးဘူး။ ထိခိုက်ဒဏ်ရာရတာကတော့ ၁၃ ဦးလို့ ကြားပါတယ်ဗျ"
အဲဒီနေရာအနီးမှာ ရောက်ရှိနေသူတစ်ဦးကလည်း ဒီမနက်တိုက်ပွဲဟာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တဲ့ သေနတ်အချက်ပေါင်း တစ်ရာကျော်နဲ့ လက်နက်ကြီးပစ်ခတ်မှု ငါးကြိမ်ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရတာ ရှိသလို လာရောက်တိုက်ခိုက်တဲ့ အဖွဲ့ဘက်ကလည်း ထိခိုက်မှုရှိတယ်လို့ သူက ဆက်ပြော ပါတယ်။
လက်ရှိမှာ ကျိုက်ထီးရိုးစေတီတော်ဆီ လာရောက်ဘုရားဖူးသူတွေကို ကျိုက်ထီးရိုး တောင်ပေါ်တက်ခွင့် ပိတ်ထားပြီး တောင်ပေါ်က လူတွေကိုလည်း တောင်အောက်ကို ပြန်ဆင်းခိုင်းနေတာမျိုး ရှိတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေးပေမယ့် စစ်ကောင်စီထောက်ခံတဲ့ လူမှုကွန်ရက် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) က လာရောက် ပစ်ခတ်တာလို့ စွပ်စွဲဖော်ပြထားကြပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးသလို တိတိကျကျသိရဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် တာဝန်ရှိသူကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ကင်မွန်းချောင်းရွာ ရဲစခန်းကို အမည်မသိ အဖွဲ့တစ်ဖွဲ့က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။