ကော့ကရိတ်တိုက်ပွဲ အရပ်သား သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ၁၇ ဦးထိရှိလာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီလောက် ကစလို့ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေရာ ဒီနေ့ ညနေ ၄ နာရီထိ အရပ်သား သေဆုံးသူ သုံးဦးအထိ ရှိလာနေပြီ လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ဒဏ်ရာသူ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၀ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက သုံးဦးက ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူတွေက ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးတို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တိုက်ပွဲစတင်ခဲ့တဲ့အချိန်မှာ ကော့ကရိတ်မြို့က ကိုမန်းအောင်ကြိုင်အိမ်အနီး လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲလို့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၉ နာရီ ၃၅ မိနစ်အချိန်မှာ စံပယ်ဖြူလမ်းမှာ လက်နက်ကြီးကျည်ကျရောက်တဲ့အတွက် နောက်ထပ် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့တာပါ။
ကော့ကရိတ်မြို့ ခနေးပူလမ်းထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတဲ့အတွက် နံနက် ၁၀ နာရီခွဲမှာ တော့နောက်ထပ် အမျိုးသား သုံးယောက်ဒဏ်ရာရရှိခဲ့ပြီး နေ့လယ် ၁၂ နာရီမှာ သီလရှင်ကျောင်းတစ်ခုထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသမီးတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့လယ် ၁၂ နာရီ မိနစ် ၄၀မှာတော့ ဘုန်းကြီးကျောင်းသစ်အနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြသလို နေ့လယ် ၁ နာရီမှာတော့ စံပယ်ဖြူလမ်းထဲကို လက်နက်ကြီးကျည် ထပ်ကျတဲ့အတွက် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် နေ့လည် ၁ နာရီမှာပဲ ရုံးကြီးနောက်ပိုင်းကို လက်နက်ကြီးကျည်ကျတဲ့အတွက် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထပ်မံဒဏ်ရာရတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတစ်ခုက ပြောပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒီနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်မှာတော့ ကော့ကရိတ်မြို့ကို ဝင်ရောက်တိုက်ခိုက်တာဟာ KKO ခွဲထွက်အဖွဲ့နဲ့ PDF တွေဖြစ်တယ်လို့ ပြောဆိုပြီး ဒီနေ့ မနက် ၇ နာရီခွဲကစလို့ မြို့မြောက်ဘက်ကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် ဝင်ရောက်လာတဲ့အတွက် အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရဲစခန်းအချုပ်ကို လာရောက်ပစ်ခတ်ခဲ့တာတွေ ရှိပေမယ့် ရဲစခန်းအချုပ် ပွင့်ထွက်သွားမှုတော့ မရှိဘူးလို့လည်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
လက်ရှိ အချိန်အထိ ကော့ကရိတ်မြို့ထဲမှာ KNLA၊ PDF ပူးပေါင်းတပ်တွေ ရှိနေသေးပြီး ခလရ ၉၇ ကို ဝိုင်းထားဆဲဖြစ်ကြောင်း၊ တိုက်ပွဲလည်း လက်ရှိမှာ ခဏပြန်ငြိမ်သက်နေ တယ်လို့ အဲဒီတိုက်ပွဲအတွင်းမှာရှိနေတဲ့ KNLA နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။