ခင်ဦးမြို့ ရွှေကူတဲစုရွာသား သုံးဦး ပစ်သတ်ခံရ

2021.10.04
ခင်ဦးမြို့ ရွှေကူတဲစုရွာသား သုံးဦး ပစ်သတ်ခံရ စစ်ကောင်စီတပ် ပစ်သတ်ခဲ့တဲ့ သုံးဦးထဲက ဦးအောင်မြင့်စိုး (ဝဲဘက်) နဲ့ ဦးအောင်ဖြိုး တို့ကို တွေ့ရစဉ်
.

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာမှာ အောက်တိုဘာလ ၃ ရက် မနေ့ ညနေပိုင်းက ဒေသခံ သုံးဦး စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၃၉ နှစ်အရွယ် ဦးအောင်ဖြိုး နဲ့ ဦးဘာဂျာ (ခေါ်) ဦးအောင်မြင့်စိုး၊ အသက် ၅၀ အရွယ် ဦးစိန်ပို တို့ဖြစ်ပြီး ရွာထဲကနေ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီအထင်နဲ့ ညနေပိုင်း နွားစာ ပြန်ကျွေးချိန်မှာ အပစ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်သားတွေ ရွာထဲကိုဝင်လာတော့ ကြောက်လန့်ပြီး အခြားရွာတွေကို ပြေးကြတာ၊ အနီးစပ်ဆုံး ပျဉ်ထောင်ရွာဘက် ပြေးကြတာပေါ့၊ ညနေပိုင်း ပြန်သွားပြီထင်ပြီး နွားစာကျွေးဖို့ ပြန်သွားချိန်မှာ ဖမ်းတာလည်း မဟုတ်ဘူးဗျ၊ နေရာမှာပင် ပစ်သတ်လိုက်တဲ့ပုံစံ" လို့ ဒေသခံက ဆိုပါတယ်။

သေဆုံးသွားသူတွေကို အောက်တိုဘာလ ၄ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ သင်္ဂြိုဟ်လိုက်ရပြီး အဆက်အသွယ် ပြတ်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ ရွှေကူတဲစုရွာနဲ့ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ပျဉ်ထောင်ရွာဟာ တစ်မိုင်ခန့်သာ ကွာဝေးပြီး လက်ရှိ နှစ်ရွာစလုံးက ဒေသခံအချို့ဟာ နီးစပ်ရာရွာတွေကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ မနက်အစောပိုင်းကလည်း ပျဉ်ထောင်ရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် အသက်ငါးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-10-05 17:27

စိတ်မကောင်း ဘူ