ကျောက်တော်မြို့ခံသုံးဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံသုံးဦး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေက RFA ကို ဇူလိုင်လ ၅ ရက် ဒီနေ့ပြောပါတယ်။
တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုဇော်ဝင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ (က)၊ ဦးကျော် သန်းမောင်နဲ့ ကိုဇော်မိုးထက်တို့ကိုတော့ ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ ကျောက်တော်မြို့မ ရဲစခန်း မှာ အမှုဖွင့်ခံ လိုက်ရတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကတည်းက ဖမ်းဆီးခံရတဲ့သူသုံးဦးဟာ မိသားစုဝင်တွေနဲ့ အဆက် အသွယ်မရခဲ့ဘဲ ဒီနေ့ ကျောက်တော်မြို့မရဲစခန်းကို ပို့ဆောင်ခံရပြီးမှ မိသားစုနဲ့ အဆက် အသွယ်ပြန်ရခဲ့တာလို့ ကိုဇော်ဝင်းရဲ့ ဇနီး ဒေါ်ခင်လှစံက RFA ကို ပြောပါတယ်။
“ရဲခစန်းက အကြောင်းကြားလာတယ်။ သူတို့သုံးယောက် ရဲစခန်းကို ရောက်နေပြီဆိုပြီး တော့လေ။ ကျမတို့ သွားတွေ့ခွင့်ရခဲ့တယ်။ လွတ်လွတ်လပ်လပ်တော့ ပြောခွင့်မရဘူး ပေါ့။ အားလုံး ကျန်းကျန်းမာမာပဲ တွေ့ခဲ့ရပါတယ်။ ဖမ်းသွားကတည်းက တွေ့ခွင့်မရ ခဲ့တာလေ။ အခုတွေ့ရတော့ ဘာပဲဖြစ်ဖြစ် ဝမ်းသာတာပေါ့။ အမှုဖွင့်ခံထားရတာနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးခဲ့ရသေးဘူး”
ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပါတယ်။
နောက်တစ်ရက်မှာပဲ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ ကျောက်တော်မြို့မှာ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး မြို့ခံ ကိုဇော်ဝင်း၊ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ ပန်းဖဲချောင်း ရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ရွာက သုံးဘီးမောင်းသူ ကိုကျော်သန်းမောင်တို့ ဖမ်း ဆီးခံခဲ့ရတာပါ။
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စတဲ့ မြို့နယ်တွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် ဒေသခံ ၄၀ လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်က AA က ထုတ်ပြန်ထား ပါတယ်။
အဲဒီအထဲက စစ်တွေမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ မွတ်စလင် လေးဦးနဲ့ ရခိုင်တိုင်းရင်းသား ငါးဦးကတော့ လွတ်မြောက်လာခဲ့ပြီး ကျန်တဲ့သူတွေကတော့ အဆက်အသွယ်မရကြသေး ဘူးလို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အရပ် သားတွေက ဖမ်းဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့က RFA ကို ပြောဆိုထား ပါတယ်။