တိုက်ပွဲနဲ့ ကိုဗစ်ကြောင့် လူသုံးသန်း အကူအညီလိုအပ်နေ

2021.10.18
တိုက်ပွဲနဲ့ ကိုဗစ်ကြောင့် လူသုံးသန်း အကူအညီလိုအပ်နေ စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရတဲ့ ကော့ကရိတ်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဥ်)
Photo: CJ

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေအပြင် ကိုဗစ် - ၁၉ ရောဂါ ကြောင့် လူဦးရေသုံးသန်း အကူအညီအကာအကွယ်တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNOCHA က အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အကူအညီလိုအပ်နေတဲ့ လူဦးရေ သုံးသန်းထဲမှာ တစ်သန်းဟာ အာဏာသိမ်းမှုမဖြစ်ခင်ကတည်းကဖြစ်ပြီး အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းမှာတော့ လူဦးရေ နှစ်သန်း ထပ်မံတိုးလာတယ်လို့ UNOCHA က ဆိုပါတယ်။

တိုက်ပွဲတွေနဲ့ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကြောင့် လူသားချင်းစာနာထောက်ထားမှုကူညီရေး အခြေအနေဟာ ဆက်လက် ဆိုးရွားနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသခံ ၂၁၈၉၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UNOCHA က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရှိခဲ့တဲ့ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေ ၃၇၀၀၀၀ ရှိခဲ့ပြီး အများစုဟာ မြို့ပြနဲ့ မြို့ပြင်ဧရိယာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ ၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁၀၂ ဦးနဲ့ ၁၀၆ ဦးလည်းပါဝင်သလို ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၄၀၀၀ နဲ့ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် (AA) နဲ့ စစ်တပ်ရဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ရသူ ၈၆၇၀၀ ဦးလည်း ပါဝင်တယ်လို့ UNOCHA က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။