တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှာ မြန်မာနိုင်ငံသား သုံးဦး အဖမ်းခံထားရ

2022.04.12
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှာ မြန်မာနိုင်ငံသား သုံးဦး အဖမ်းခံထားရ တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်မှာ အဖမ်းခံရသည့် မြန်မာလူငယ်သုံးဦးကို တွေ့ရစဥ်
Photo: Citizen Journalist
တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် Fuo Shan မြို့ Shu De ရပ်ကွက် အကျဉ်းထောင်မှာ တစ်နှစ် ကျော်ကြာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား သုံးဦးအတွက် မြန်မာသံရုံးရဲ့ အကူအညီလိုအပ် နေတယ်လို့ မိသားစု ဝင်တွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ တရုတ်ရဲတွေက မိသားစုနဲ့ ဆက်သွယ်ဖို့ ဖုန်းပြောခွင့် ငါးမိနစ် ပေးခဲ့ရာကနေ အဖမ်းခံထားရတဲ့နေရာကို သိခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
 
“သူတို့က အစာငတ်ခံပြီးမှ ဖုန်းဆက်ခွင့်ရတာလို့ ပြောတယ်။ သူတို့မှတ်ပုံတင်နဲ့ အိမ်ထောင် စုပါတဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေကို မြန်မာသံရုံးကို ပို့ပေးဖို့ အဲ့ဒီကနေမှ ပြန်လွှတ်ပေး ဖို့ ထောက်ခံနိုင်မှာလို့ ပြောသွားတယ်။ ကျမတို့ သံရုံးကို ဆက်သွယ်တာ ဘယ်လိုမှမရဘူး ဖြစ်နေတာ”
ချင်းတိုင်းရင်းသား အသက် ၂၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ မောင်ခရစ်စမောင်၊ မောင်ကိန်ရမ် ထန်နဲ့ ခေါင်းဒိုနန်းတို့ဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် မောင်လင်အုပ်စု သာယာကုန်းရွာ ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်က ကွမ်တုန်းပြည်နယ် Fuo Shan မြို့က စတီးစက်ရုံတစ်ခုမှာ အလုပ် လုပ်နေရင်း အဖမ်းခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
 
သူတို့ကို မြန်မာသံရုံးက ထောက်ခံပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး တရုတ်ရဲတွေက ပြောခိုင်းလို့ တရုတ်နိုင်ငံက မြန်မာသံရုံးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ဘူးလို့ မောင်ခရစ် စမောင်ရဲ့ဖခင် ဦးကမ်လျှိုက ပြောပါတယ်။
 
RFA က ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးကို ဧပြီလ ၁၂ ရက် ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ရာမှာလည်း ဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။
 
တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ နှစ်နိုင်ငံအလုပ်သမား စေလွှတ်မှုဆိုင်ရာ နာလည်မှု စာချွန်လွှာ ရေးထိုးထားတာမရှိသလို နယ်စပ်ဝင်ထွက်ခွင့်ကိုလည်း ခြောက်ညအိပ် ခုနစ်ရက်သာ ခွင့်ပြုထား တာဖြစ်ပါတယ်။
 
မြန်မာလုပ်သားအများစုတို့ဟာ နယ်စပ်ဝင်ထွက်ခွင့်လက်မှတ်တွေ ကိုင်ဆောင်ပြီး တရုတ်ပြည်မ ကြီးထဲအထိ သွားရောက်အလုပ်လုပ်ကြရာမှာ ခွင့်ပြုချက်မရှိဘဲ နယ်စပ်ကျော်လွန်သွားမှုနဲ့ မကြာ ခဏ အဖမ်းခံကြရတယ်လို့ မူဆယ်မှာရှိတဲ့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။