စစ်ရာဇဝတ်မှုတွေမှာ စစ်ဗိုလ်ချုပ်သုံးဦး တာဝန်ရှိကြောင်း ဟားဘတ် တက္ကသိုလ်ပြော


2014.11.06

မြန်မာနိုင်ငံမှာ ၂ဝဝ၅ ခုနှစ်ကနေ၂ဝဝ၈ ခုနှစ် အထိ လေး နှစ်အတွင်း ကရင်ပြည်နယ်အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထိုးစစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တပ်မတော် အရာရှိကြီးတချို့မှာ တာဝန် ရှိကြောင်း အမေရိကန်ပြည်ထောင်စု ဟားဘတ်တက္ကသိုလ်က ထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်က ဖော်ပြ လိုက်ပါတယ်။

ဟားဘတ်တက္ကသိုလ် ဥပဒေပညာကျောင်းရဲ့ နိုင်ငံတကာလူ့အခွင့်အရေးဌာနက ကြာသပတေးနေ့ မနေ့က ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒေသခံ ၁၅ဝ နဲ့တွေ့ဆုံမေးမြန်းပြီး လေးနှစ်ကြာ ပြုစုခဲ့တဲ့ အဲ့ဒီ အစီရင်ခံစာမှာ ကရင်ပြည်နယ် စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကို၊ တပ်မတော် အထူးစစ် ဆင်ရေးအဖွဲ့မှူး ဗိုလ်မှူးချုပ် ခင်ဇော်ဦးနဲ့ နေပြည်တော်စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်အေးတို့ကို တာဝန်ရှိသူတွေအဖြစ် ဖော်ပြထားပါတယ်။

အဲ့ဒီအချိန်က ကရင်ပြည်နယ်အတွင်း ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာမှာ ရွာတွေကို မော်တာစိန်ပြောင်းနဲ့ပစ်၊ မီးရှိှု့၊ အရပ်သားတွေကို သတ်ဖြတ်တာတွေအပါအဝင် လူမဆန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း၊ တွေ့ဆုံမေးမြန်းခဲ့ သူတွေထဲမှာ စစ်သားဟောင်း ၇ ယောက်ပါဝင်ခဲ့ပြီး၊ တစ်ယောက်က စစ်တပ်ကအုပ်စုလိုက် အဓမ္မကျင့်ခဲ့တဲ့ဖြစ် ရပ်တစ်ခုကို တွေ့မြင်ခဲ့တယ်လို့လည်းဖော်ပြပါတယ်။

အစီရင်ခံစာရေးသားသူတစ်ဦးဖြစ်သူ မက်သယူး ဘာဂျာက တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကို နေပြည်တော်မှာ တင်ပြဆွေးနွေးခဲ့ရာမှာ ဒီအစီရင်ခံစာဟာ မှားယွင်းပြီး တစ်ဘက်သတ်ဆန်နေကြောင်း တုံ့ပြန်ပြောဆိုတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို နယူးယောက်တိုင်းသတင်းစာ ကမေးမြန်းခဲ့ရာမှာ ဦးဇော်ဌေးက ပြည်တွင်းစစ်မှာ တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့နှစ်ဘက်လုံးက လူ့အခွင့်အရေးချိုးဖေါက်တာတွေ ရှိနိုင်ကြောင်း၊ အမေရိကန်ပြည်ထောင်စုတောင် စစ်ပွဲအတွင်းလူ့အခွင့်အရေး ချိုးဖေါက်တာတွေရှိကြောင်း ပြောဆိုတယ်လို့ဖော်ပြပါတယ်။

ဒီအစီရင်ခံစာဟာ ဟားဘတ်တက္ကသိုလ် ဥပဒေပညာကျောင်းထွက် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို မသွားရောက်ခင်ထွက်ပေါ်လာတာပါ။ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးကတော့ အိုဘားမားအနေနဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ရပ်တန့်နေတာကြောင့် ပိတ်ဆို့အရေးယူ ထားတွေ ဖြေလျှော့ပေးတာ၊ စစ်တပ်ချင်းစစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာ စတဲ့ ဆုအကြီး စားတွေ ပေးမှာမဟုတ်ကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။