မင်းပြားမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
ရခိုင်ပြည်နယ် မင်းပြားမြို့မှာ အောက်တိုဘာ ၁၇ ရက် ဒီကနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးသုံးဦး အပါအဝင် ငါးဦးဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လက်နက်ကြီးကျည်ကြောင့် မင်းပြားမြို့နယ် ဖလောင်းပြင်ရွာက အသက် ၁၀ ကျော်အရွယ် မဆန်းနွယ်စိုး၊ အသက် ၂၃ နှစ်အရွယ် မလှဆန်းယဉ်နဲ့ ထောင့်ချောင်းကြီးရွာက အသက် ၄၈ နှစ်ရွယ် ကျောင်းဆရာမ ဒေါ်မြမြဇာတို့ သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။
ဖလောင်းပြင်ရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးညွှန့်စိန်ကတော့ ဒဏ်ရာပြင်းပြင်း ထန်ထန် ရသွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူပဲ မင်းပြားမြို့နယ် ဆင်ကြီးပင်ရွာက အသက်သုံးနှစ်ရွယ် မောင်စံချေ၊ အသက် ၂၉ နှစ်ရွယ် မကျော့ရီ၊ အသက် ၆၄ နှစ်ရွယ် ဒေါ်ညိုသာနဲ့ မြောက်ဦးမြို့နယ် တန်းပျင်းကြီး ရွာက အသက်သုံးနှစ်ရွယ် မစုလင်းနွယ်တို့လည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေနဲ့ ကျိန်းတောင်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အခုဖြစ်ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက် ၁၁ နာရီလောက်ကတည်းကနေ အခုအထိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်နေပါတယ်။ ကျနော်တို့ ဖလောင်းပြင်ရွာမှာ လက်နက်ကြီး တစ်လုံးကျတယ်။ သုံးယောက် ဒဏ်ရာရသွားတယ်။ အဲဒီ သုံးယောက်ထဲက တစ်ယောက်တော့ ပေါက်တောဆေးရုံမှာ သေသွားပါပြီ။ တခြားရွာတွေမှာလည်း သေဆုံးတာ၊ ဒဏ်ရာရတာ တွေရှိတယ်”
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခုလို သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်နေတာ အခုဆိုရင် သုံးလရှိသွားပြီ ဖြစ်ပါတယ်။
RFA က သီးခြားပြုစုထားတဲ့ စာရင်းအရ ဒီတစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ဒီကနေ့အထိ အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၂ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။