စစ်တောင်းမြစ်ကမ်းနားမှာ နေထိုင်သူ သုံးဦး ရေထဲ မျောပါပျောက်ဆုံးနေ


2020.09.20
dead-in-sittaung-river-622.jpg စစ်တောင်းမြစ်ထဲ မျောပါသွားတဲ့ သားအမိသုံးယောက်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို တွေ့ရစဉ်
Photo: IPRD Mon

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက် ကမ်းနားပိုင်းမှာ စစ်တောင်းမြစ်ထဲကို သားအမိ သုံးယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ငါးနာရီခွဲလောက်မှာ မိုးသည်းပြီး လှိုင်းပုတ်တာကြောင့် ကမ်းနားမှာရှိတဲ့ နေအိမ်တစ်လုံးနဲ့အတူ မိသားစု ငါးယောက် မျောပါသွားတာပါ။ အဲဒီအထဲက အသက် ၁၀ နှစ်လောက်အရွယ် ကလေး နှစ်ယောက်ကိုတော့ အသက်ရှင်လျှက် ရှာတွေ့ခဲ့ပေမယ့် အသက် နှစ်လအရွယ်နဲ့ အသက် နှစ်နှစ်အရွယ် ကလေးတွေအပါအဝင် မိခင်ဖြစ်သူကိုတော့ နေ့လယ်ပိုင်းထိ ရှာမတွေ့သေးပါဘူး။

အဲဒီမြစ်ကမ်းပါးမှာ လှိုင်းပုတ်ပြီး မြေပြိုနိုင်တဲ့အန္တရာယ်ရှိတာကြောင့် မြစ်ကမ်းပါးနေတဲ့ မိသားစုတွေကို ကုန်းမြင့်နေရာတစ်ခုမှာ နေရာချထားပေးထားပေမယ့် အဲဒီမိသားစုက နေရာသစ်မှာအိမ်ဆောက်ဖို့ အခက်အခဲဖြစ်တာကြောင့် မပြောင်းရွှေ့နိုင်သေးဘဲ ဆက်နေတာကနေ အခုလိုဖြစ်တာလို့ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင်က RFA ကို ပြောပါတယ်။

တံငါလုပ်ငန်းလုပ်တဲ့ အဖေဖြစ်သူက အလုပ်လုပ်ဖို့ထွက်သွားတာကြောင့် ရေဘေးဒဏ်က လွတ်ခဲ့တယ်လို့လည်း ဒေါက်တာ ခင်ဆောင်က ပြောပါတယ်။

ရေမျောတဲ့အထဲပါသွားတဲ့ သားအမိ သုံးယောက်ကိုတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက စက်လှေနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။