စရဖတပ်ကြပ်အသတ်ခံရမှု ဖမ်းဆီးထားသူလေးဦးထဲက သုံးဦးပြန်လွှတ်
2019.07.15

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံး လုပ်ကြံ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်တွေခရိုင်တရားရုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ် လေးဦးထဲက သုံးဦးကို တရားရုံးက ဒီနေ့ပြန်လွှတ်ပေးလိုက်ပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ်လေးဦးထဲက ကိုအောင်ချေ၊ ကိုမေယုထွန်း၊ ကိုခိုင်ဘိုဘို တို့ကို ပြစ်မှုကျူးလွန် ကြောင်း မပေါ်ပေါက်လို့ စွဲချက်မတင်ဘဲ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ကျန်တစ်ဦးဖြစ်တဲ့ ကိုရဲဇော်(ခေါ်) ကိုရဲကျော်သူကတော့ ရာဇသတ်ကြီးပုဒ်မ-(၃၀၂)(၂) လူသတ်မှုနဲ့ စွဲချက်တင် ခံရကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို ပြောပါတယ်။
သက်သေ ၃၂ ယောက်ထဲက ၁၇ ယောက်ကို စစ်ဆေးပြီးနောက် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ကို တရားရုံးက ဒီနေ့ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ညက စစ်တွေမြို့လယ် ဝင်္ကဘာကွင်းက ပွဲဈေးတန်းမှာ မိသာစုနဲ့အတူ ရောက်ရှိနေစဉ် အမည်မသိ သေနတ်သမား က ပစ်ခတ်လို့သေဆုံးသွားတာဖြစ်ပါတယ်။
ဒီနေ့တရားရုံးက ပြန်လွှတ်ပေးလိုက်တဲ့ လူငယ် သုံးဦးကို ရဲက ကနဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး အာမခံနဲ့ပြန်လွှတ်ပေးခဲ့ ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထပ်မံဖမ်းဆီးပြီး တရားရုံးမှာ စွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
လူသတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ကိုရဲဇော်(ခေါ်) ကိုရဲကျော်သူကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။