သုံးခွမြို့နယ်က အဖမ်းခံရတဲ့ ကျောင်းသားသုံးဦး အဆက်သွယ်မရ

2021.09.13
သုံးခွမြို့နယ်က အဖမ်းခံရတဲ့ ကျောင်းသားသုံးဦး အဆက်သွယ်မရ စစ်ကောင်စီတပ် ဖမ်းသွားတဲ့ ကိုရှိန်းကိုကိုမိုး၊ ကိုရဲထွဋ်ဦး၊ ကိုမြင့်မြတ်ကိုကို တို့ကို တွေ့ရစဉ်
Photo: CJ

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းသွားတဲ့ ကျောင်းသားသုံးဦးကို တစ်ပတ်ကျော်တဲ့ ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဆယ်တန်းကျောင်းသား ကိုမြင့်မြတ်ကိုကို ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင် ဘာလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်သား ၃၀ ခန့်က လာရောက်ဖမ်းသွားတာဖြစ်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာတော့ နောက်ထပ်တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုရဲထွဋ်ဦးနဲ့ ကိုရှိန်းကိုကိုမိုးတို့ကိုပါ နေအိမ်မှာ ထပ်မံဖမ်းသွားတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အဖမ်းခံရသူတွေရဲ့ သူငယ်ချင်းတစ်ဦးက RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီကျောင်းသားလူငယ်တွေနဲ့ ဆက်စပ်နေတဲ့ အခြားသောလူငယ်တွေရဲ့ နေအိမ်တွေကိုပါ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုမြင့်မြတ်ကိုကိုဟာ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုရဲထွဋ်ဦးနဲ့ ကိုရှိန်းကိုကိုမိုးတို့ကတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ကျောင်းသားတွေဖြစ်တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

လက်ရှိ အဲဒီလူငယ်သုံးဦးဟာ သုံးခွမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရပြီး တပ်မတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။

မိသားစုတွေအနေနဲ့ သုံးခွမြို့နယ်ရဲစခန်းကို အစားအသောက်နဲ့ အဝတ်အစားတွေသာ ပို့ခွင့်ရပြီး အဖမ်းခံ ထားရသူတွေရဲ့ ကျန်းမာရေးအခြေအနေ အပါအဝင် အခြားသတင်းအချက်အလက်တွေကို ဘာမှမသိရဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သူငယ်ချင်းတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားသုံးဦးနဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။