မန္တလေးတိုင်းက မြို့သုံးမြို့မှာ စစ်ကောင်စီယန္တရား ရပ်ဆိုင်း

RFA Burmese
2024.08.16
မန္တလေးတိုင်းက မြို့သုံးမြို့မှာ စစ်ကောင်စီယန္တရား ရပ်ဆိုင်း မြင်းခြံမြို့ အဝင်တစ်နေရာအား ၂၀၂၂ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။
RFA

မန္တလေးတိုင်း မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့တွေမှာ စစ်ကောင်စီဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီ ယန္တရားအားလုံးနီးပါး ရပ်ဆိုင်းသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီမြို့သုံးမြို့မှာ စစ်ကောင်စီဝန်ထမ်းအားလုံးနီးပါး မရှိတော့ဘူးလို့ Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက RFA ကို ပြောပါတယ်။

"မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာ အဲ့ သုံးခုမှာရှိတဲ့ စကစ ဝန်ထမ်းမှန်သမျှ အကုန်လုံး ပုဂံညောင်ဦးတို့၊ ပုပ္ပါးတို့ အဲဘက်တွေမှာ အကုန်ရောက်နေတာ၊ အကုန်လုံးနီးပါးလို့ ပြောလို့ရတယ်၊ စစ်ကောင်စီရဲ့ ယန္တရားပျက်စီးလုပေါ့၊ ၉၅ ရာခိုင်နှုန်းလောက်နီးပါး ပျက်စီးသွားတယ်လို့ ပြောလို့ရတယ်"

ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ပူးပေါင်းတပ်တွေက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့တွေကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ဖော်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်နေတာကြောင့် အဲဒီစစ်ဆင်ရေးစတဲ့နေ့ကတည်းက စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေ ထွက်ပြေးကြတာလို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီစစ်ဆင်ရေးမှာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြိုု့နယ်တွေက စစ်ကောင်စီနဲ့ ပျူစောထီးစခန်း ခုနစ်ခု သိမ်းယူထားနိုင်တယ်လို့ ပြောပါတယ်။

အခုတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဘုရားနှစ်ဆူ ပြိုသွားတယ်လို့ ဗိုလ်မိုက်ခဲ က ဆိုပါတယ်။

ဒီမြို့ သုံးမြို့မှာ စစ်ကောင်စီယန္တရားတွေ ရပ်ဆိုင်းသွားပြီဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားပါတယ်။

မန္တလေးမြို့နဲ့ ၁၄ မိုင်လောက်ဝေးတဲ့ ပုသိမ်ကြီးမြို့နယ်က ရွာတွေမှာလည်း တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီကတော့ မန္တလေးမြို့ပေါ်မှာ အခိုင်အမာ ခံစစ်ပြင်ထားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။