NLD နာယက သူရ ဦးတင်ဦး ဆေးရုံတင်ထားရ
2024.02.05

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကဖြစ်သူ သူရ ဦးတင်ဦးဟာ ကျန်းမာရေးမကောင်းတာကြောင့် ဖေဖော်ဝါရီ ၄ ရက်ညနေပိုင်းကတည်းက ရန်ကုန်ဆေးရုံသစ်ကို ပို့ဆောင်ထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အသက် ၉၇ နှစ်အရွယ် သူရ ဦးတင်ဦးဟာ ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းမှာ ရာသီတုပ်ကွေးပုံစံမျိုး ရောဂါလက္ခဏာ ခံစားလာရတာကြောင့် ဆေးရုံမှာ ဆေးကုသဖို့ ပို့ဆောင်လိုက်တာလို့ ဆိုပါတယ်။
ကျန်းမာရေးအခြေအနေက ဆိုးဆိုးရွားရွားမဖြစ်တာကြောင့် စိုးရိမ်စရာအခြေအနေတော့ မဟုတ်ဘူးလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဟိုရက်ပိုင်းက မိုးလည်းအေးတယ်ဆိုတော့ ချောင်းဆိုးတာ၊ နှာစေးတာမျိုး ဖြစ်တာပါ။ အရမ်းအသည်းအသန် စိုးရိမ်စရာကိစ္စ မဟုတ်ပါဘူး။ မနေ့ကတော့ တော်တော်လေး သက်သာလာပါပြီ။ စိန်ဂျွန်း City Mall ဘေးက ရန်ကုန်ဆေးရုံသစ်မှာ ဆေးကုသမှု ခံယူနေတာပါ"
ရန်ကုန်ဆေးရုံသစ်မှာပဲ ရောဂါသက်သာ ပျောက်ကင်းတဲ့အထိ ဆက်လက်ကုသမှုခံယူသွားမှာ ဖြစ်တာကြောင့် လတ်တလော ဆေးရုံဆင်းမှာမဟုတ်သေးဘူးလို့ ဆိုပါတယ်။
သူရ ဦးတင်ဦးဟာ ၂၀၁၇ ခုနှစ်ကလည်း ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ရောဂါကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ သုံးလအကြာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
(NLD) ပါတီနာယကဖြစ်သူ သူရ ဦးတင်ဦးဟာ သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နဲ့ သူရဘွဲ့ရရှိထားပြီး ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။