ထင်ယောင်ထင်မှား ဓာတ်ပုံဖြန့်ဝေမှု စိုးရိမ်မကင်းကြောင်း တိဗက်ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာ
2012.08.15
မူဆလင်နိုင်ငံ ခပ်များများ အထူးသဖြင့် ပါကစ္စတန်နိုင်ငံက အင်တာနက် စာမျက်နှာတချို့မှာ လူသေအလောင်းပုံတွေရှေ့ တိဗက်ဘုန်းတော်ကြီးတွေ မတ်တပ်ရပ်နေတဲ့ ပုံတွေကို ပြထားပြီး ရခိုင်ပြည်နယ်မှာ မြန်မာရဟန်းတွေ အကြမ်းဖက်နေသလို ဖော်ပြထားတယ်လို့ CTA က ပြောပါတယ်။
တကယ်တော့ အဲဒီဓာတ်ပုံတွေဟာ ၂၀၁၀ ဧပြီလတုန်းက ငလျင်ဒဏ်ခံရတဲ့ တရုတ်ပြည် တိဗက်ဒေသမှာ တိဗက်ဘုန်းတော်ကြီးတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန် ရိုက်ကူးထားတဲ့ ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် CTA ဟာ ပါကစ္စတန် အင်တာနက် စာမျက်နှာဆီကို ဒီလို တလွဲဖော်ပြတဲ့ အဲဒီဓာတ်ပုံတွေ ဖြုတ်ပေးဖို့ ဇူလိုင် ၃၀ ရက်နေ့က စာတစ်စောင် ပေးပို့ခဲ့ရာ နောက်တစ်ရက်မှာ အဲဒီ ဓာတ်ပုံတွေကို ဖယ်ရှားပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အိန္ဒိနိုင်ငံ မွန်ဘိုင်းမြို့မှာ သြဂုတ် ၁၁ ရက်က ဆန္ဒပြပွဲလုပ်ချိန်မှာ တချို့မူဆလင်တွေဟာ ဒီဓာတ်ပုံတွေ ကိုင်ဆောင်သွားတဲ့အတွက် ဓာတ်ပုံတွေက အင်တာနက်မှာ ပျံ့နှံ့နေတုန်းပဲလို့ ပြောပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင် ဘာသာဝင်တွေကြား ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပြီး ဖြန့်ဝေနေတဲ့ ဒီဓာတ်ပုံကို အသုံးမပြုကြပါနဲ့လို့ ကမ္ဘာတဝန်းက မီဒီယာတွေကို အနူးအညွတ် မေတ္တာ ရပ်ခံပါကြောင်း တိဗက် ဗဟိုအုပ်ချုပ်မှုအဖွဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။