ဖလမ်းမြို့နယ် သီးဘွာလ်ရွာ စစ်ကောင်စီတပ်စခန်းကို CNDF သိမ်းပိုက်
2023.11.15

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာက စစ်ကောင်စီတပ်စခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF) က နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီတပ်စခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က RFA ကို အတည်ပြုပါတယ်။
"စခန်းသိမ်းနိုင်တာ ဟုတ်ပါတယ်။ ကျွန်တော်တို့ မနေ့ညပိုင်းကစပြီးဝင်တိုက်တာပါ။ ဒီမနက်ပိုင်းမှာ သိမ်းနိုင်တာပါ။ လက်နက်ခဲယမ်းတွေ ရတာတွေလည်းရှိပါတယ်"
တိုက်ပွဲအတွင်း စစ်ကောင်တပ်သား သုံးဆယ်ကျော်လောက် အိန္ဒိယနိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ကို ချင်းဒေသ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ချိန် စစ်ကောင်စီတပ်သား လေးဆယ်ကျော် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလမှာက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သီးဘွာလ် စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရော လေကြောင်းကပါ ပြန်တိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ CNDF က ပြောပါတယ်။