နေပြည်တော် လွှတ်တော်တဝိုက် လုံခြုံရေး အထူးတင်းကျပ်ထား
2021.02.01
ဒီနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်လင်းအားကြီးအချိန်မှာ စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှု ဆောင်တချို့နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ဖမ်းလိုက်တဲ့အပြင် NLD ပါတီဘက်က အမြဲ ထောက်ခံရပ်တည်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားတွေ နဲ့ စာပေအနုပညာနယ်က ပုဂ္ဂိုလ်တချို့ကိုပါ ဖမ်းလိုက်ပါတယ်။
အဖမ်းခံရတယ်လို့ အတည်ပြုလို့ရတဲ့သူတွေထဲမှာ ၈၈ မျိုးဆက် ကိုမြအေးနဲ့ ၂၀၀၇ ဗကသများ အဖွဲ့ချုပ်က ကိုမင်းသွေးသစ်တို့လဲပါပါတယ်။ ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ တို့ကတော့ တိမ်းရှောင်နေရပါတယ်။
နေပြည်တော်မှာ ကျန်တဲ့အစိုးရဝန်ကြီးဌာနတွေရဲ့အခြေအနေ သိနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီး ဌာနကို RFA က ဖုန်းဆက်မေးမြန်းရာမှာတော့ .....
“သူတို့လည်း ဒီနေ့ အာဏာသိမ်းတဲ့အခြေအနေကို ကြိုမသိခဲ့ရတဲ့အကြောင်းနဲ့ ဒီနေ့ စတင်မယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သတင်းထောက် အားလုံး သတင်းယူနိုင်အောင် ကြိုတင် စီစဉ်ဖို့အတွက် မနက် ၇ နာရီအရောက် ပြည်ထောင်စု လွှတ်တော်ရှေ့ကို ပြန်ကြားရေးဝန်ထမ်းတွေ သွားရောက်ခဲ့ပေမယ့် ဂိတ်ဝမှာ လုံခြုံရေးတင်းကြပ် ထားပြီး အဝင်မခံတော့ဘူး” လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ ဒုဝန်ကြီး ဦးအောင်လှထွန်းတို့ အဖမ်းခံရလား ဆိုတာကိုတော့ အဲဒီကိစ္စ သူတို့မသိဘူးလို့ပြောပါတယ်။
RFA ကနေ ဒုဝန်ကြီး ဦးအောင်လှထွန်းရဲ့ လက်ကိုင်ဖုန်းတွေကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရဘဲ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
အခုချိန်ဟာ လွှတ်တော်အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်တန်း အရာရှိကြီးတွေကို ကာကွယ်ဆေးထိုးပေးနေတဲ့ ကျန်းမာရေးအရ အရေးကြီးချိန်ဖြစ်တာမို့ အခုလို အစိုးရခေါင်းဆောင် ဖမ်းဆီးခံရချိန်မှာ ဘာဆက်လုပ်မလဲဆိုတာသိနိုင်ဖို့ နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနကိုလည်း RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ မြတ်ဝဏ္ဏစိုးက ...
“ လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးမယ့်အခြေအနေ၊ လက်ရှိ နေပြည်တော်မှာ ကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခြေအနေ မေးထားပါတယ် ။ ကိုဗစ်ကာကွယ်ဆေးကတော့ ဝန်ကြီးဌာနက ညွှန်ကြားလာတာမျိုးမရှိသေးလို့ ဘယ်သူတွေထိုးမယ်ဆိုတာပြောမရသေးဘူး၊ အာဏာသိမ်းတာမျိုး ဖြစ်မလာရင်တော့ မူလစီစဉ်ထားတာက လွှတ်တော်ကိုယ်စားလှယ်တွေ ထိုးပြီးတာနဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုထိုးဖို့လျာထားတာ” လို့ ပြောပါတယ်။
အဲဒီအပြင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာရောက်နေတဲ့ NLD ပါတီက ဗဟိုအလုပ် အမှုဆောင် သုံးယောက်အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးကို ဒီနေ့ညနေထိ စစ်ကားတွေ ဝိုင်းထားပြီး ဝင်ထွက်ခွင့်ပိတ်ထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး ခေါ် ဦးဝင်းမြင့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။