ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံး

RFA Burmese
2024.09.02
ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတချို့အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မောင်းကုန်းရွာကို စက်တင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး ဒီနေ့မှာလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မောင်းကုန်းရွာကို လေယာဥ်နဲ့ ဗုံးကြဲသွားတာ မနေ့က မနက်ပိုင်းက။ အခုသိရတာက ခြောက်ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များတယ်။ သေဆုံးတဲ့အထဲမှာ ဗိုက်ကြီးသည်တစ်ယောက်လည်း ပါတယ်လို့သိရတယ်။ ဒီမနက်လည်း Y-12 နဲ့ ခြောက်လုံးတစ်ကြိမ်၊ လေးလုံးတစ်ကြိမ်၊ ငါးလုံးတစ်ကြိမ် သုံးကြိမ် လာချသွားတယ်။ တိုက်ပွဲကတော့ အပြင်းအထန်ကြီးကို ဖြစ်နေတာ”

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စက်တင်ဘာ ၁ ရက်နေ့က ထီးချိုင့်မြို့နယ်မှာ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောငါးစင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုတွေရှိခဲ့ပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ထီးချိုင့်မြို့ကို သြဂုတ် ၂၁ ရက်နေ့ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။