ထီးချိုင့်နဲ့ ကန့်ဘလူကရွာတွေ လေကြောင်းနဲ့ အပစ်ခံရလို့ ဒေသခံငါးထောင်ခန့် ထွက်ပြေးရ

RFA Burmese
2023.10.28
ထီးချိုင့်နဲ့ ကန့်ဘလူကရွာတွေ လေကြောင်းနဲ့ အပစ်ခံရလို့ ဒေသခံငါးထောင်ခန့် ထွက်ပြေးရ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၇ ရက်ကနေ ၂၈ ရက် ဒီကနေ့မနက်ပိုင်းအထိ လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံငါးထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းနဲ့ မိချောင်းအိုက်ရွာ အကြားမှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် ဘက်က လေကြောင်းနဲ့ လာပစ်ခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစင်းနဲ့လာပစ်ခဲ့တာကြောင့် ဒိုးပင်၊ ကျွန်းပင်သာ၊ ညောင်ပင်သာ စတဲ့ရွာတွေ အပါအဝင် ရွာငါးရွာက ဒေသခံ ငါးထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ထီးချိုင့်ဒေသခံတွေက ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ဒိုးပင်ရွာက နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေမနက်ပိုင်းမှာလည်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်ထဲက ရွာတချို့ကို MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ကန့်ဘလူဒေသခံ တွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုးတောင်ဘို့တိုက်နယ် ဒေသခံတစ်ဦးကတော့ မိနစ်သုံးဆယ်နီးပါး ပစ်ခတ်ပြီးနောက် ကန့်ဘလူအခြေစိုက် ၆၀၀၆ တပ်ထဲ ပြန်ဆင်းသွားတယ်လို့ RFA ကို ပြောပါတယ်။

“ဒီမနက် ၁၁ အကျော်လောက်မှာ ရွာတွေဘက်ကို ပစ်တာ။ ဘယ်နေရာတွေ ထိသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ကန့်ဘလူ ၆၀၀၆ တပ်ထဲကို လေယာဉ်ပြန်ဆင်းသွားပြီ။ ကိုးတောင်ဘို့ တိုက်နယ်တစ်ခုလုံးနဲ့ အရှေ့ဘက်တောင်ရိုးတစ်ကြော ပစ်သွားတာ။ ဒီနေရာတွေမှာ ဘာတိုက်ပွဲမှ ဖြစ်ခဲ့တာမရှိဘူး”

ကိုးတောင်ဘို့တိုက်နယ်ထဲက ဇီးကနား၊ မိတ်သလင်ကုံး၊ ကိုင်းမ၊ ယောကုန်း၊ ဇော်ချောင်း စတဲ့ရွာတွေကို ပစ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုနဲ့ ထွက်ပြေးနေရတဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ ဉာဏ်အလင်းသစ် သုတေသနအဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက်ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ မေလကနေ ဩဂုတ်အတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု (၂၇၂) ကြိမ်လုပ်ခဲ့ပြီး တစ်ရက်ကို အနည်းဆုံးနှစ်ကြိမ်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိဆိုရင်တော့ လေကြောင်း တိုက်ခိုက်မှု ကိုးရာကျော်ရှိခဲ့ပြီး အရပ်သား ၆၈၇ ဦးသေဆုံးကာ ၄၅၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။