ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ကြံ့ခိုင်ရေးပါတီကနေ နှုတ်ထွက်
2017.09.10
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ နှုတ်ထွက် လိုက်ပြီဖြစ်ပါတယ်။
ဦးတီခွန်မြတ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ပါတီကနေ နှုတ်ထွက်စာ တင်တာဖြစ်ပြီး ပါတီကလည်း ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
"ထွက်သွားတာကတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့ ထင်ပါတယ် ဒါပေမဲ့ ထွက်ခွင့်မှာတော့ အကြောင်းအရာဖော်ပြထားတာ မရှိဘူးပေါ့လေ၊ ၈ လပိုင်း ၁၈ ရက်နေ့စွဲနဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ခွင့်ပြုဖို့ ဥက္ကဌကိုလိပ်မူပြီးတော့ တင်ပြတာပေါ့၊ အဲ့အပေါ်မှာ ကျနော်တို့ ၆ ရက်နေ့က ကျင်းပတဲ့ ပါတီဗဟိုအလုပ်မှုဆောင် အစည်းအဝေးမှာ သူ့ကိုထွက်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထွက်ခွင့်ပြုလိုက်တယ်"
ဦးတီခွန်မြတ်ဟာ ပါတီမှာ ဗဟိုအလုပ်အမှုဆောင်တာဝန်ယူထားသူဖြစ်ပြီး ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
သူဟာ ရှေ့နေချုပ်ရုံးမှာ ဥပဒေညွှန်ကြားရေးမှူးအဖြစ်ကနေ အငြိမ်းစားယူထားသူဖြစ်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း ဥပဒေကြမ်းကော် မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ သူလည်းဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ် ပါတယ်။
ဦးတီခွန်မြတ် ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
တစ်နိုင်ငံလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဝင်အင်အား ၅ သန်းကျော် ရှိတယ်လို့ သိရပါတယ်။