တိုင်းမ်မဂ္ဂဇင်း ဖြန့်ချိမှုပိတ်ပင်
2013.06.26

ဇူလိုင်လ ၁ ရက်နေ့စွဲနဲ့ ထုတ်ဝေမယ့် တိုင်းမ်မဂ္ဂဇင်း ဖြန့်ချိမှုကို မြန်မာပြည်အတွင်း တားမြစ်ကြောင်း အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်မှာ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟို ကော်မတီရဲ့ လုပ်ငန်းတာဝန်နဲ့ အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ရေးအတွက် ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွားလို့ ဖြစ်စေ၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ တားမြစ်ထားပါတယ်။
တိုင်းမ်မဂ္ဂဇင်းကို မြန်မာနိုင်ငံမှာ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းနေတဲ့ အင်းဝစာပေတိုက်ရဲ့ မန်နေဂျာ ဦးမောင်မောင်လွင်က ဇူလိုင်လထုတ် တိုင်းမ်မဂ္ဂဇင်းကို မဖြန့်ချိတော့ဘူးလို့ ကြေညာထားကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီမဂ္ဂဇင်းကိုဖြန့်ချိဖို့ မသင့်ဘူးလို့ အင်းဝ စာပေတိုက် ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
တိုင်းမ် မဂ္ဂဇင်းကို အင်းဝ စာပေတိုက်က စောင်ရေ ၆ဝဝ ကျော် ဖြန့်ချိနေပြီး၊ ၈ဝ ရာနှုန်းက လပေးယူသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စာနယ်ဇင်း အများအပြားမှာတော့ တိုင်းမဂ္ဂဇင်း ဆောင်းပါးကို ဘာသာပြန် ဖော်ပြခဲ့ကြပြီး၊ ဝေဖန်ချက်မျိုးစုံလည်း ပေါ်ထွက်နေပါတယ်။
အခုလို အဲဒီဆောင်းပါး ပါဝင်တဲ့ တိုင်းမ်မဂ္ဂဇင်းကို ဖြန့်ချိမှု ပိတ်ပင်လိုက်တာဟာ ပြည်သူတွေရဲ့ သတင်းလွတ်လပ်မှုကို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ ပြည်ပ မီဒီယာသမား တချို့က ဝေဖန်လိုက်ပါတယ်။
NLD ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကတော့ တိုင်းမ် မဂ္ဂဇင်းဆောင်းပါးကို မဖတ်ရသေးပေမယ့် ဘာသာ တရားတစ်ရပ်အပေါ် အထင်အမြင် လွဲမှားသွားတာမျိုး မဖြစ်ရအောင် ဂရုပြုဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။
အခုလို တိုင်းမ် မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံထဲမှာ မူရင်းစာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချီခြင်း မပြုဖို့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အပေါ် မြန်မာ့ အရေး စိတ်ဝင်စားသူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။