မဲစာရင်းအမှားတွေ ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်း ဦးတင်အေး ပြောကြား


2015.07.21
utinaye-mpc-620.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး သတင်းမီဒီယာသမားတွေကို တွေ့ဆုံရှင်းလင်းနေစဉ်
Photo: Kyaw Lwin Oo/RFA

လက်ရှိထုတ်ပြန်ထားတဲ့ အခြေခံမဲဆန္ဒရှင် စာရင်းအမှားအယွင်းတွေကို ပြင်ဆင်ဖို့ အချိန်ရှိသေးကြောင်း နဲ့ နိုင်ငံရေးပါတီတွေက တင်ပြလာရင် ပြင်ဆင်ပေးမှာဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြောလိုက်ပါတယ်။

ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၈၀ လောက်က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံစဉ် မဲစာရင်းမှားယွင်းမှုတွေ ရှိနေတာကို နိုင်ငံရေးပါတီတွေက ဆွေးနွေးရာမှာ ဦးတင်အေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီမဲစာရင်းနဲ့ ပတ်သက်ပြီး စိတ်ထဲမှာမထားပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့မှားတယ်ဆိုရင် ကျနော့်ဆီ အထောက်အထားယူခဲ့ပါ၊ ကျနော်ပြင်ပေးပါ့မယ်၊ အခုကျနော် ခင်ဗျားတို့ကို အချိန်ပေးထားပါသေးတယ်၊ လူက ၁ဝ ရာခိုင်နှုန်းပဲလာတယ် ပြီးတော့ ကျနော့်စိတ်ထဲမှာ စိုးရိမ်တဲ့ ၉ဝ ရာခိုင်နှုန်းက လာမကြည့်ဘူး၊ မှားလားမသိ မှန်လားမသိ နောက်တစ်ခါလာကြည့်လိုက်တယ် ၃ဝ ရာခိုင်နှုန်းတက်လာတယ် ၇ဝ ရာခိုင်နှုန်း မှားလားမသိ မှန်လားမသိ"

မဲစာရင်းတွေကို လာရောက်စစ်ဆေးကြည့်ရှုသူ နည်းလွန်းတာကိုလည်း တွေ့ရတာကြောင့် မဲစာရင်းစိစစ်တဲ့အချိန်ကို တိုးပေးခဲ့ရကြောင်း အတော်များများက မိမိတို့မဲစာရင်း မှားသလား မှန်သလားတောင် စိတ်မဝင်စား ကြကြောင်း ကော်မရှင်ဥက္ကဌက ပြောပါတယ်။

ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တောင်းဆိုတာ ကိုလည်း သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ မဖြစ်မနေကျင်းပသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ကျပ်ငွေ ၄ ဘီလီယံလောက် သုံးစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။