ပြည်ပဖိအား လက်မခံကြောင်း ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဌ ပြော


2015.06.08
utinaye-mpc-620.jpg ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဇွန်လ ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး သတင်းမီဒီယာသမားတွေကို တွေ့ဆုံရှင်းလင်းနေစဉ်
Photo: Kyaw Lwin Oo/RFA

မြန်မာနိုင်ငံရဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေကို အလေးပေးနေမှာ မဟုတ်ဘဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ ပွင့်လင်းမြင်သာမှုမရှိခဲ့ရင် အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာကြားမှာ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်သွားနိုင်တယ်လို့ အမေရိကန်အထက်လွှွတ်တော် အမတ် Mitch McConnell က ပြီးခဲ့တဲ့ သီတင်းပတ်က သတိပေး ပြောဆိုပါတယ်။

မနေ့ကတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရန်ကုန်မြို့ မြန်မာငြိမ်းရေးစင်တာမှာ သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောဆိုခဲ့ပါတယ်။

"ဘယ်ပါတီနိုင်နိုင် လူထုသဘောထားနဲ့ဖြတ်မယ်၊ သူနိုင်ချင်တဲ့ပါတီ မနိုင်ဘူးဆိုလို့ရှိရင် လူထုသဘောထား မထင်ဟပ်ဘူးဆိုပြီး မြန်မာပြည်ကို ပိတ်ဆို့မယ်ဆိုလို့ရှိရင် အခါတစ်ရာပိတ် ဂရုမစိုက်ဘူး၊ တို့ရဲ့အားက တို့ပြည်တွင်းထဲမှာရှိတယ်၊ တို့တတွေက စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ တွဲလုပ်မယ်ဆိုလို့ရှိရင် မြန်မာပြည်ကြီး တိုးတက်လာမှာ၊ အဲ့တော့ ပြည်ပဖိအားတော့ sorry ပါ"

ဒါ့ပြင် နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်မော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းလား၊ လောက်ကိုင်နဲ့ ကုန်းကြမ်းစတဲ့ မြို့နယ် ၇ မြို့နယ်မှာ မဲစာရင်းမကောက်ယူနိုင်သေးကြောင်း ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။ ကော်မရှင်ဥက္ကဌ ဦးတင်အေးကလည်း ကိုးကန့်မှာ ရွေးကောက် ပွဲ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ ၀ ဒေသမှာတော့ ဖြစ်ဖို့မလွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ခုလောလောဆယ် ကိုးကန့်တော့လျာထားတယ်၊ နောက်တစ်လ နှစ်လအတွင်း အေးချမ်းလာရင် မဲစာရင်းကျနော်တို့ ကောက်လိုက်မယ်၊ ကိုးကန့်ကအေးသွားလို့ရှိရင် ရွေးကောက်ပွဲဖြစ်နိုင်တယ်၊ မအေးချမ်းရင် ရွေးကောက်ပွဲမဖြစ်နိုင်ဘူး၊ သို့သော်လည်း ဝ မှာ ဖြစ်ဖို့အခြေအနေ နည်းနည်းတင်းမာတယ် ၊ ရွေးကောက်ပွဲမှာ သဘာဝဘေးအန္တရာယ်ရော၊ နယ်မြေအေးချမ်းတာတွေရော၊ လွတ်လပ်မျှတ တဲ့ ရွေးကောက်ပွဲမရှိဘူးဆိုရင် ရွေ့ဆိုင်းထားတာပါ"

ရွေးကောက်ပွဲကော်မရှင်က လက်ရှိကောက်ယူထားတဲ့ အခြေခံမဲစာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မဲပေးခွင့်ရှိသူ ၃သန်းနီးပါးရှိပြီး အပြီးသတ်မဲစာရင်းတွေကို လာမယ့် သြဂုတ်လအတွင်း ထုတ်ပြန်မှာဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေဟာ အိမ်ထောင်စုစာရင်းတွေပေါ်မှာ အခြေခံပြီး ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် အိမ်ထောင်စုစာရင်းမရှိသူတွေက လက်ရှိနေထိုင်ရာနေရာမှာ ၆ လ ကျော် နေထိုင်ပြီးဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံမယ်ဆိုရင် မဲပေးခွင့်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။