ရွေးကောက်ပွဲအပြီး ကော်မရှင်မှာ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ကြောင်း ဦးတင်အေးပြော
2015.11.11

ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်တဲ့သူကိုနိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးက ပြောပါတယ်။
နိုင်ငံရေးပါတီတွေက မဲစာရင်းတွေ မှန်ကန်မှုရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပြင် ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက် လို့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ ဥက္ကဌဦးတင်အေးက ဒီကနေ့ ပြောကြားခဲ့တာပါ။
"ကျနော်ကတော့ မနေ့ကပဲ ကာတွန်းတစ်ပုဒ်ကို ခေါင်းထဲမှာဆွဲလိုက်ပါတယ်၊ ရွေးကောက်ပွဲကြီးကတော့ ပြီးသွားပါပြီ၊ ပြီးသွားတဲ့အခါကျတော့ နိုင်တဲ့သူကို ဒိုင်လူကြီးက လက်မြှောက်ပေးရမှာ၊ သို့သော်လည်း လက်မြှောက်ပေးနေတဲ့ အနိုင်ကိုပြနေတဲ့ ဒိုင်လူကြီးကတော့ ဒဏ်ရာဒဏ်ချက်တွေအများကြီးနဲ့ ဖူးနေယောင်နေ၊ ပလာစတာတွေအများကြီး ကပ်ထားတဲ့ ကာတွန်းတစ်ခု ကျနော်ခေါင်းထဲကနေထွက်လာပါတယ်၊ ကျနော့်ဘက်ကတော့ အစွမ်းကုန်ကြိုးစား ပြီးပါပြီ၊ တချို့ကလည်း ဥပဒေမသိဘဲနဲ့ စိတ်ထင်ရာတွေပြောနေ ပါလားဆိုပြီးတော့ သူတို့အစား ကျနော်သနားတောင် သနားမိပါတယ်"
ဒါ့အပြင် ပြည်သူတွေဟာ မဲစာရင်းတွေကပ်ထားချိန်မှာ မိမိတို့အမည်ပါမပါကို စစ်ဆေးဖို့ အားနည်းခဲ့ကြောင်းလည်း ပြော ပါတယ်။ နေပြည်တော်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းရှိရာမှာ ၂ သိန်းလောက်သာ မိမိတို့ အမည်စာရင်းပါ၊ မပါ မှားယွင်းမှု ရှိ၊ မရှိကို စစ်ဆေးခဲ့တာတွေ့ရကြောင်း ပြောပါတယ်။
ကော်မရှင်အနေနဲ့ ရသုံးငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ဘယ်နိုင်ငံခြား တိုင်းပြည်ကမှ ငွေကြေးတစ်ပြားတစ်ချပ်မှ လက်ခံယူတာ မရှိကြောင်း နိုင်ငံခြားအဖွဲ့အစည်းတွေက လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပေးခဲ့တာသာ ရှိကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ကြိုတင်မဲနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် မနက်ဖြန်လားရှိုးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းလင်းသွားမယ်လို့လည်း ပြောပါတယ်။