နောင်ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်တော့မှာ မဟုတ်ကြောင်း ဦးတင်အေး ပြော
2015.09.11

ဒီလာမယ့် ရွေးကောက်ပွဲပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ပေးဖို့ တောင်းဆိုလာရင် မိမိအနေနဲ့ ငြင်းဆန်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။
နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်မှာ RFA နဲ့ သီးသန့်မေးမြန်းရာမှာ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောလိုက်တာဖြစ်ပါတယ်။
"ကျနော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲကော်မရှင်က အရေးကြီးပါလားဆိုတာကို ကျနော်ဒီလိုပဲ သဘောပေါက်တယ်၊ ဒီကော်မရှင်ကြီးကို ခိုင်ခိုင်မာမာ အုတ်မြစ်စီပေးဖို့လိုပါလား၊ ကောင်းသောအမွေတွေ ချန်ခဲ့ဖို့လိုပါလား၊ ဒီကော်မရှင်ကြီးကို ခိုင်ခိုင်မာမာဖြစ်အောင်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ကျနော်အောင်မြင်အောင်လုပ်ပေးဖို့ပဲ၊ ၂ဝ၁၅ အလွန်တော့ sorry ပါပဲ၊ ကျနော် ကန်တော့ပွဲနဲ့လာပြီး ဆက်လုပ်ပါဆိုလည်း လုံးဝမလုပ်ပါဘူး"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တပ်မတော်ကလာတဲ့အကြီး အကဲတွေ ဖြစ်နေတာကြောင့် အသစ်ပြန်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့တာရှိခဲ့တဲ့အပေါ် မေးမြန်းရာမှာ ဖြေကြားခဲ့ တာဖြစ်ပါတယ်။
ကော်မရှင်ဥက္ကဌ ဦးတင်အေးက လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို သူတာဝန်ယူချိန်ကစပြီး အဖွဲ့ဝင် ၅၀ ကျော်ကနေ အခုဆိုရင် တစ်ထောင်ကျော်အထိ တာဝန်ပိုင်းဆိုင်ရာ လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှု ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒီလာမယ့်ရွေးကောက်ပွဲဟာ ၁၀၀% လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်လို့ ကတိပေးကြောင်းနဲ့ ပွင့်လင်းမြင်သာမှုအပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရသာ တိုင်းတာရမှာဖြစ်ကြောင်း ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲအတွေ့အကြုံ နည်းပါးလွန်းတဲ့အတွက် အခက်အခဲဆိုတာရှိမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို RFA အဖွဲ့သူ မသင်းသီရိ တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း (၁) ကို နားဆင်နိုင်ပါတယ်။