တရုတ်တစ်ရှူး တစ်ဧက ကျပ် ၂ သောင်းအထိ ကောက်မည်

ကချင်ပြည်နယ်မှာ စိုက်ပျိုးတဲ့ သီးနှံတွေမှာ အထူးသီးနှံခွန် ၆ မျိုးထဲက တရုတ်တစ်ရှူးငှက်ပျော တစ်ဧကကို အနိမ့်ဆုံး ကျပ် တစ်သောင်းနဲ့ အမြင့်ဆုံး ကျပ် နှစ်သောင်း ကောက်ခံဖို့ ကချင်ပြည်နယ် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပြီး မြေယာဥပဒေကြမ်းကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီမြေယာခွန် ဥပဒေကြမ်းထဲက တစ်ရှူးငှက်ပျောစိုက်ပျိုးမှု တစ်ဧကအပေါ် ကောက်ခံမယ့် အခွန်နှုန်းထားကို လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်ရာမှာ ထောက်ခံသူများတာကြောင့် အတည်ပြုလိုက်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်က အခုလို ကြေညာပါတယ်။
"အစိုးရအဖွဲ့က တင်သွင်းသော မြေယာခွန် ဥပဒေကြမ်း နှုန်းထားများအနက် တစ်ရှူးငှက်ပျော သီးနှံ နှုန်းထားအား ခရိုင် ၄ ခရိုင်နှင့် ပြည်နယ်ချုပ်အတွက် ၁ ဧကလျှင် အမြင့်ဆုံး ၂ သောင်းကျပ်၊ အနိမ့်ဆုံး ၁ သောင်းကျပ် ကောက်ခံသွားရန်အဆိုပြုမှုအပေါ် လျှို့ဝှက်ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ဆုံးဖြတ်ရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် အားလုံး ၄၃ ဦးအနက် ထောက်ခံဆန္ဒမဲပေးသူ ၃၃ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၂ မဲ၊ ပယ်မဲ ၁ မဲ ရရှိပါတယ်။ ထောက်ခံမဲများတဲ့အတွက် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာအပ်ပါတယ်"
အဲဒီ ဥပဒေကြမ်းမှာ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးမှုကို အစိုးရက တစ်ဧက ၃၀၀၀ ကျပ် ကောက်ခံဖို့ ဖော်ပြထားတာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဧက အနည်းဆုံး ကျပ်တစ်သောင်းနဲ့ အများဆုံး ကျပ်နှစ်သောင်း ကောက်ခံဖို့ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
မြေယာဥပဒေကြမ်းမှာ တစ်ရှူးငှက်ပျော ၁ ဧက စိုက်ပျိုးမှုကို အခွန်ငွေ ကျပ် ၃၀၀၀ သတ်မှတ်ဖော်ပြတာဟာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ ပြဋ္ဌာန်းထားကြောင်းကိုသာ ပြောတာဖြစ်ပြီး ၃၀၀၀ ကျပ် သတ်မှတ်ကောက် ခံမယ်လို့ ဆိုလိုတာမဟုတ်ကြောင်းကို ပြည်နယ် အစိုးရက ဒီကနေ့ ဆွေးနွေးပါတယ်။
မြေယာခွန်ဥပဒေကြမ်းကို မနေ့က အတည်ပြုဖို့ဖြစ်ပေမယ့် တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးမှုမှာ ကောက်ခံတဲ့ အခွန်ငွေ နည်းတာတွေ၊ တောင်သူတွေရဲ့ မြေတွေကို နည်းမျိုးစုံနဲ့ ရယူပြီးစိုက်ပျိုးတာတွေ စတဲ့အချက်တွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးတာကြောင့် ဒီကနေ့မှ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။